၂၂. ၄. ၂၀၂၃
Written by Pan Ei
တောင်အာရှဒေသသည် ငွေကြေးဆိုင်ရာ ဖိအားများတိုးမြင့်လာခြင်းနှင့် ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားရာမှ ကျောင်းပိတ်မှုများကြောင့် ကမ္ဘာပေါ်တွင် ကလေးသူငယ်ထိမ်းမြားလက်ထပ်မှုအများဆုံးနေရာ ဖြစ်လာရကြောင်း ယူနီဆက်ဖ်မှ ထုတ်ပြန်ချက်အရ သိရသည်။
တောင်အာရှဒေသတွင်း၌ ကလေးသတို့သမီးပေါင်း သန်း ၂၉၀ ခန့်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့ပြီး အဆိုပါ အလေ့အကျင့်များကို အဆုံးသတ်ရန်အတွက် ပိုမိုအားထုတ်ရန် တောင်းဆိုခဲ့သည်။
“ကလေးသူငယ်တွေရဲ့ အိမ်ထောင်ရေးက မိန်းကလေးတွေကို စာသင်ယူခွင့်မရှိစေတော့ဘဲ၊ သူတို့ရဲ့ ကျန်းမာရေးသုခကို အန္တရာယ်ဖြစ်စေနိုင်ပြီး သူတို့ရဲ့ အနာဂတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။” ဟု ယူနီဆက်ဖ်၏ တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာ နိုအာလာစက်လာ က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ရှိ နေရာ ၁၆ ခုတွင် တွေ့ဆုံမေးမြန်းမှုများနှင့် ဆွေးနွေးမှုများမှ လေ့လာမှုအသစ်တစ်ခုအရ မိဘများစွာသည် ကိုဗစ်ပိတ်ဆို့မှုကာလအတွင်း ကျောင်းတက်ရန် ခက်ခဲသည့် သမီးများအတွက် လက်ထပ်ခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုအဖြစ် ယူဆခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။
အမျိုးသမီးများအတွက် တရားဝင်လက်ထပ်ခွင့် အသက်သည် နီပေါတွင် ၂၀ နှစ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ၁၈ နှစ်နှင့် အာဖဂန်နစ္စတန်တွင် ၁၆ နှစ်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများအတွက် တရားဝင်လက်ထပ်ခွင့် အနိမ့်ဆုံးအသက်သည် ၁၆ နှစ်ဖြစ်ပြီး စင်ဒ်ပြည်နယ်တွင် ၁၈ နှစ်ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂ၏ လေ့လာမှုအရ မိသားစုများသည် ကပ်ရောဂါကာလအတွင်း ငွေကြေးအခက်အခဲကြောင့် အိမ်တွင်းကုန်ကျစရိတ်လျှော့ချရန်အတွက် ၎င်းတို့၏သမီးငယ်များကို လက်ထပ်ထိမ်းမြားရန် တွန်းအားပေးခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရသည်။
Ref; Reuters
