◾ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲအတွက် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များကိုင်ဆောင်မည့် အမျိုးသမီး ၁၀၀၀ ရရှိရေး စီစဉ်လျာထား
MT News
၂၁. ၄. ၂၀၂၃
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားများကို အပိုင်း ၅ ပိုင်းခွဲ ကျင်းပမည်ဖြစ်ပြီး ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲကိုလည်း နိုင်ငံတော်အဆင့်နှင့်အညီ ထည့်သွင်းကျင်းပမည်ဖြစ်ကာ အဆိုပါ အခမ်းအနားအတွက် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀၀၀ ရရှိရေး စီစဉ်လျာထားကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” ၌ “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံ တကာဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်ဟု ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနား ကျင်းပခြင်းကို ယခင်က နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့သည်မှာ ၃ နှစ်မြောက်ရှိပြီဖြစ်ကာ လာမည့် ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်း၌ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားဖြစ်သည့် “ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း” စသည့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မဟာဗောဓိပင်တော်များကို ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့်အတူ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားများကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီဖွဲ့စည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဧပြီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၈၉/၂၀၂၃ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ ဦးစီးကော်မတီဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၈ ရက်က လုပ်ငန်းကော်မတီနှင့်အတူ ဆပ်ကော်မတီ ၁၃ ခု ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့် ဖြစ်တော်စဉ် ၄ ရပ်ကို စာတမ်းများပြုစုဖတ်ကြားမည့် စာတမ်းရှင် ဆရာတော် ၄ ပါး ရွေးချယ်ပေးနိုင်ရေးအတွက် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် ဗုဒ္ဓတက္ကသိုလ် ၃ ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီးများကို လျှောက်ထားပြီးဖြစ်သည်။ ထို့အတူ ပါမောက္ခချုပ် ဆရာတော် ၃ ပါးက သဘာပတိအဖွဲ့အဖြစ် ဆောင်ရွက်ပေးနိုင်ရေးကိုလည်း လျှောက်ထားပြီးဖြစ်သည်ကိုသိရကြောင်းလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ အခမ်းအနားများအတွက် ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲကိုလည်း နိုင်ငံတော်အဆင့်နှင့် အညီ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားအတွက်လိုအပ်သည့် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀၀၀ ရရှိရေးကိုလည်းစီစဉ်လျာထားပြီးဖြစ်သည့်အပြင် လိုအပ်သည့် မော်တော်ယာဉ်အရေအတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည့်အတွက် အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်းလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။
သတ်မှတ်ထားသည့် စစ်ကြောင်းအလိုက် လှည့်လည်ပူဇော်မည့် သရုပ်ပြ မော်တော်ယာဉ်များကို တာဝန်ယူဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်အဆင့်နှင့်အညီ သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ကြရန်လိုအပ်ပြီး နိုင်ငံပိုင် Media များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အတွက် ပိဋကတ်စာပေနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ယခုကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားများကို အပိုင်း ၅ ပိုင်းခွဲ ကျင်းပသွားမည်ဖြစ်သည့်အတွက် ကျင်းပမည့်နေရာများနှင့် ဆက်စပ်နေရာများကို လုံခြုံရေးအရ အခမ်းအနားကျင်းပပြီးဆုံးသည်အထိ လွှမ်းခြုံနိုင်အောင် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ စနစ်တကျစီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ကြရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆွေးနွေးအကြံပြုတင်ပြလိုသည်များကိုပွင့်လင်းစွာရှင်းလင်း တင်ပြကြစေလိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။