၁၃. ၄. ၂၀၂၃
Written by Nay Moe
နတ္တလင်းမြို့နယ် ပွဲသာအုပ်ချုပ်ရေးမှူးအား နွေဦးပိတောက်စစ်ဆင်ရေးအဖြစ် PPDF-ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရာ နားရွက်ပြတ် ဒဏ်ရာရရှိသွားသည်ဟု Bago Region PDF က ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ပွဲသာအုပ်စု၊ ပွဲသာကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ဧပြီလ ၁၂ ရက် ည ၇ နာရီခန့်တွင် ကုန်းကလေးရွာ အိမ်တက်ပွဲမှ ပွဲသာရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)၊ နွေဦးအဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံ၍ ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်ရာ ဦးတင်ထွန်းမှာ ဦးခေါင်းကိုရှပ်ထိမှန်၍ နားရွက်ပြတ်ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့သည်ဟု PPDF က ဆိုသည်။
ဦးတင်ထွန်းသည် လောင်းကစားဒိုင်များမှ အပတ်စဉ်ဆက်ကြေးကောက်ခံ၍ SAC ထံပေးသွင်းခြင်း၊ သမချေးငွေနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမားများထံမှ ခြိမ်းခြောက်တောင်းခံခြင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများကို မတရားစွပ်စွဲဖမ်းဆီး ချုပ်နှောင်ထိုးကြိတ်ခြင်း၊ CDM ဝန်ထမ်းများနှင့် တော်လှန်တက်ကြွလှုပ်ရှားသူများကို ကျေးရွာအုပ်စုအတွင်း နေထိုင်မရအောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်နေသူဖြစ်သည်ဟုလည်း Bago Region PDF က စွပ်စွဲသည်။
အဆိုပါ နွေဦးပိတောက်စစ်ဆင်ရေးတွင် PDF များ ဘေးအန္တရာယ်မရှိ လှုပ်ရှားနိုင်ခဲ့ကြောင်းနှင့် SAC နှင့် ၎င်း၏ဒေါက်တိုင်များကို အရှိန်အဟုန်မြှင့်၍ တိုက်ခိုက်သွားမည်ဟုလည်း Bago Region PDF က ပြောသည်။
