လားရှိုးမြို့တွင် ယနေ့သင်္ကြန်အကြိုနေ့ ဗုံးပေါက်မှုမြင်ကွင်း(Photo -Credit /CJ)
၁၃. ၄. ၂၀၂၃ (မဟာသင်္ကြန်အကြိုနေ့)
Written by Nay Moe
လားရှိုးမြို့၌ ယနေ့သင်္ကြန်အကြိုနေ့တွင်ပင် ရန်တိုင်းအောင်ရေကစားမဏ္ဍပ်/စတုဒိသာမဏ္ဍပ် ဗုံးဖောက်ခွဲခံရပြီး လူတစ်ဦးသေဆုံးကာ ထိခိုက်မှုများပြားသည်ဟု ကနဦးသိရသည်။
ဖြစ်စဥ်မှာ လားရှိုးမြို့အဝင်မုခ်ဦးနှင့် ရန်တိုင်းအောင်ဘုရားအနီးရှိ ရန်တိုင်းအောင်ရေကစားမဏ္ဍပ်တွင် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကားတစ်စီးမီးလောင်ပြီး လူတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိသည်ဟု ကနဦးသိရသည်။
” ၁၂ ထိုးခါနီးလောက်ကဖြစ်သွားတာ။ စတုဒိသာမဏ္ဍပ်ဘက်ခြမ်း ဗုံးသုံးလုံးလောက်ဆက်တိုက်ပေါက်ပြီး ကားတွေ၊ ဆိုင်ကယ်တွေလည်း မီးတွေလောင်တယ်။ ကားအောက်ကနေ ထကွဲတာလို့လည်း သိရတယ်။ လူတစ်ယောက်သေပြီး တော် တော်များများလည်း ဒဏ်ရာရတယ်လို့ သိရတယ်။ အသေး စိတ်ကတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက MT News သို့ပြောသည်။
အဆိုပါဗုံးကွဲမှုနှင့် ထိခိုက်သေဆုံးဖြစ်စဥ်အသေးစိတ်ကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
ယမန်နှစ်သင်္ကြန်ကလည်း ရန်ကုန်တစ်မြို့တည်းတွင်ပင် PDF များဗုံးခွဲမှုကြောင့် သင်္ကြန်လေးရက်အတွင်း ၂၅ ကြိမ်ဗုံးပေါက်ကွဲခဲ့ပြီး ယခုလားရှိုးပေါက်ကွဲမှုဖြစ်စဥ်တွင်လည်း Larshio PDF Supporters Pages က ပျော်ရွှင်ကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။




