၃. ၄. ၂၀၂၃
Written by Nyein Kyaw

MG 4 လျှပ်စစ်ကားများကို Myanmar Plaza Promotion Area တွင် ယနေ့မှစတင်၍ ငါးရက်တိတိ ရောင်းချပေးလျက်ရှိပြီး ယခင်အင်ဂျင်ကားများကဲ့သို့ ဘဏ်အရစ်ကျစနစ်များဖြင့်လည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဧပြီ ၃ ရက်တွင် ပြုလုပ်သည့် Very First Electric Car Launching in Myanmar အခမ်းအနားမှ သိရသည်။

“ဒီနေ့ကတော့ မြန်မာနိုင်ငံမှာ EV နဲ့ ပတ်သက်ပြီး အကူးအပြောင်းကလည်း ဖြစ်လာပြီ။ ကျွန်မတို့ ကားအရောင်းပြခန်းတွေအနေနဲ့လည်း EV ရောင်းချမှုက ဆက်ပြီးပါဝင်လာတဲ့အတွက် မြန်မာနိုင်ငံမှာ EV ကားကို ပြသပြီးတော့ ရောင်းချတာက ဒါပထမဦးဆုံးပဲပေါ့နော်။ တခြားကားတွေလည်း ရောက်ရှိနေတယ်ဆိုပေမဲ့ Launching လုပ်တဲ့ဟာမှာ ကားပြပြီးတော့ ပထမဦးဆုံးလုပ်တာကတော့ MG က ဒီနေ့ပထမဦးဆုံးဖြစ်ပါတယ်” ဟု MG Myanmar ၏ Marketing Manager မယမုံက ပြောသည်။

လက်ရှိတွင် MG Myanmar မှ တင်သွင်းသည့် MG 4 လျှပ်စစ်ကားများကို အရစ်ကျဝယ်ယူနိုင်ရန်အတွက် ဧရာဝတီဘဏ်နှင့် Myanma Apex Bank (MAB) ဘဏ်တို့ဖြင့် ချိတ်ဆက်ထားပြီး ငါးနှစ်အရစ်အကျအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

“အခုလက်ရှိကြေညာသွားတဲ့ ဈေးနှုန်းတွေနဲ့အတူ MG အနေနဲ့ ဧရာဝတီဘဏ်နဲ့ MAB ဘဏ်နဲ့ကို ချိတ်ဆက်ထားပါတယ်။ နောင်မှာလည်း အခြားဘဏ်တွေနဲ့လည်း ချိတ်ဆက်သွားပါမယ်။ အရင် အင်ဂျင်ကားတွေလိုပဲ ဘဏ်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်” ဟု မယမုံက ပြောသည်။

MG Myanmar မှ တင်သွင်းသည့် MG 4 လျှပ်စစ်ကားများ၏ ဈေးနှုန်းများမှာ Long Range သည် ကျပ်သိန်း ၉၂၀ နှင့် Standard Range သည် ကျပ် ၇၆၅ သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

MG အမှတ်တံဆိပ်သည် UK နိုင်ငံတွင် ၁၉၂၄ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံသို့ တင်သွင်းမည့် ကားများကိုမူ အရှေ့လယ်ပိုင်းနိုင်ငံများ (ဒူဘိုင်း)၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံနှင့် အခြားသောအာရှနိုင်ငံများမှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News