၃. ၄. ၂၀၂၃
Written by Hey Mar

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ တော်ဝင်ပလာဇာမှတ်တိုင်ရှေ့ ကားလမ်းပေါ် သို မူးလဲနေသည့် သက်ကြီးအဘွားအိုတစ်ဦးခြေထောက်အား မှတ်တိုင်သို့ဝင်လာသည့် YBS 13 ယာဥ်က ပွတ်တိုက် ကြိတ်မိမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ထိုသို ကြိတ်မိသဖြင့် အဘွားအိုမှာ ခြေဖနောင့် ကွဲကြေ ဒဏ်ရာ၊ ခြေဖမိုး အရိုးပေါ် ဒဏ်ရာများရရှိခဲ့ပြီး သွေးထွက်လွန်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို အဆိုပါလူမှုကူညီရေးအသင်းမှ ပိုဆောင်ပေးခဲ့ရကြောင်း သိရသည်။

“အဘွားက အသက်လည်းကြီးနေသလို အားလည်းအတော်နည်းနေတာ။ အဲဒီမင်္ဂလာစျေးနဲ့ ပလာဇာတစ်ဝိုက်က ကားလည်းအတော်ရှုပ်တယ် ။ လူလည်း ရှုပ်တယ်။ ကားအိတ်ဇောကထွက်တဲ့ မီးခိုးတွေနဲ့ လေထုကလည်း အောက်စီဂျင်နည်းဗူတယ်။ တော်ရုံ ကိုယ်ခံအားမကောင်းသူဆို နေအပူရှိန်နဲ့ ခေါင်းတွေ ဘာတွေ မူးနိုင်တယ်။ အဘွားက ခြေထောက်ဖြတ်ရနိုင်တဲ့ အနေအထားတော့မရှိဘူး။ သွေးထွက်တော့ လွန်နေလို့ သွေးသွင်းရတယ်။ ကျန်တာကတော့ ဆေးရုံကြီး မှုခင်းရဲက ဆက်လက်ဆောင်ရွက်နေပါတယ်။ မိသားစုလည်း ရောက်နေပါပြီ”ဟု မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ MT News သို့ ပြောသည်။

ပြီးခဲ့သည့် ဖေ ဖော်ဝါရီ ၂ ရက်က အလုံဆင်မင်းစျေးမှတ်တိုင်အနီး YBS 89 ယာဥ်တစ်စီးမှ ခရီးသည်သက်ကြီးအမျိုးသမီးတစ်ဦး၏ ပေါင်ကို ကြိတ်မိခဲ့ပြီး ယာဉ်မောင်းမှာထွက်ပြေးတိမ်း ရှောင်သွားကာ ကားကြိတ်ခံရသူ အသက် ၇၀ကျော်အရွယ် အဘွား၏ ခြေထောက် ဒူးအထက်မှ ဖြတ်တောက်လိုက်ရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News