ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် မသန်စွမ်းတော့သူ၏ ဆွဲကြိုးချသေဆုံးမှုမြင်ကွင်း (ဓာတ်ပုံ-ရောင်စုံမေတ္တာ လူမှုကူညီကယ်ဆယ်ရေးအသင်း)

၁. ၄. ၂၀၂၃
Written by Hey Mar

ဆိုင်ကယ်မတော်တဆမှုကြောင့် အာရုံကြောထိခိုက်ကာ ကိုယ်လက်အင်္ဂါမသန်စွမ်းတော့သည့် အမျိုးသားတစ်ဦးကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှုတစ်ခု မတ်လ ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်အချိန်က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ကြာပြည့်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့ခံ ရောင်စုံမေတ္တာ လူမှုကူညီကယ်ဆယ်ရေး အသင်းမှ သိရသည်။

ရောင်စုံမေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူက “အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်အပေါ်ထပ်မှာ ကြိုးဆွဲချသေဆုံးနေတယ်ဆိုပြီး အသင်းရုံးကို အကြောင်းကြားလာတော့ သွားရောက်ကူညီခဲ့တာပါ။ သူက နှုတ်ဆက်စာလေးလည်း ရေးထားခဲ့တယ်။ ဆိုင်ကယ်မတော်တဆဖြစ်ပြီး လက်တွေခြေတွေလည်း မသန်တော့ဘူး။ စကားလည်း ပီပီသသ မပြောနိုင်တော့ဘူး။ သူ့ဘဝ သူ လက်လျှော့သွားတယ်လို့ ကျွန်တော်တို့ ယူဆမိတယ်”ဟု ကူညီရာမှာ မြင်တွေ့ရသည့်ဖြစ်စဥ်ကို ပြောသည်။

သေဆုံးသူ၏ နံဘေးတွင် ရေးသားထားသောစာတွင်ပါ အကြောင်းအရာမှာ “ငါ သည်လိုဘဝနဲ့ အသက်ဆက်မရှင်သန်ချင်ဘူး။ ငါ့ကိုခွင့်လွှတ်ပါ။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။” ဟု ရေးသားထားကာ သေဆုံးသူသိမ်းဆည်းထားသည့် ဓာတ်ပုံများကိုလည်း “မမိုးဆီ ရောက်အောင်ပြန်ပို့ပေးပါ ညီမလေး” ဟု ရေးသားထားသည်ကို တွေ့ရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လိုအပ်သောဆေးစစ်ချက်များရယူနိုင်ရန် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ရောင်စုံမေတ္တာပရဟိတ အသင်းမှပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင်လည်း မကွေးမြို့ ယင်းမာပင်ကျေးရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *