ဦးအောင်ဆန်းအား သတ်ဖြတ်ခဲ့ကြောင်း Generation Z Power က ကြေညာထားမှု တွေ့ရစဥ်

၁၀. ၁၀. ၂၀၂၂

Written by Naing Thuta

မြတောင်စစ်ကြောင်းအား ပစ်ခတ်ခဲ့သူဟု စွပ်စွဲကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား GZ Power က သေနတ်ဖြင့် သုံးချက်ပစ်သတ်ခဲ့သည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၄၂× ၄၃လမ်း ကြား၊ လမ်း ၈၀ ပေါ်တွင် အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ၎င်း၏နေအိမ်အရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

“၉ နာရီခွဲလောက်က သေနတ်သံ သုံးချက်ကြားလိုက်တယ်။ အုပ်မှူးကတော် အော်မှ သိလိုက်တာ။ သူ့ယောကျ်ားကိုသေနတ်နဲ့ပစ်သွားတယ်ဆိုပြီး အော်ဟစ်ငိုကြွေးနေမှ အုပ်မှူးပစ်သတ်ခံရမှန်းသိလိုက်တာ။ ခဏနေတော့ သက်ဆိုင်ရာက တာဝန်ရှိသူတွေလာကြတာပဲ။ ကားတစ်စီးပေါ်ကနေပစ်သွားတာဖြစ်ပြီး ဘယ်သူဘယ်ဝါပစ်သွားတယ်ဆိုတာတော့ မမြင်လိုက်ဘူး ” ဟု ပစ်သတ်ခံရချိန်တွင် တွေ့မြင်ခဲ့သည့် မျက်မြင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ အသက် ၅၀ ကျော်ဝန်းကျင်ခန့်ရှိသော ကျွန်းလုံးဥသျှောင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းသည် ၎င်း၏နေအိမ်မှ လမ်းလျှောက်ပြီး ကားထားရာနေရာသို့ထွက်လာစဉ် ကားထားရာနေရာလမ်းထိပ်အရောက် တောင်မှ မြောက်သို့ မောင်းလာသည့်ကားပေါ်မှ သေနတ်ဖြင့်(၃)ချက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအုပ်ချုပ်ရေးမှူးသည် လက်ဝဲဘက်ဦးခေါင်းဖောက်ဝင်ဒဏ်ရာ (၂)ချက် ၊ လက်ယာဘက်ခြမ်း လက်ပြင်အောက်ဘက်တွင် ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိပြီး နေရာတွင် လဲကျသေဆုံးသွားခဲ့ကြောင်းနှင့် အလောင်းအား စေတနာအောင်မြေ လူမူကူညီရေးအသင်းမှ ကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း စေတနာအောင်မြေလူမှု့ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအပြီးတွင် Generation Z Power ( ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ ) မန္တလေးမှ ဒလန်အကြီးစား အောင်ဆန်းဆိုသူအား ကျွန်ုပ်တို့ Generation Z Power – GZP (Mandalay) နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော Mandalay UG Wolf Army တပ်ဖွဲ့တို့ ပူးပေါင်းကာ နှုတ်ခမ်းနီလေးတောင့်ဖြင့် ငရဲသို့ပို့ဆောင်ပေးလိုက်ကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်မှာ လွန်ခဲ့သည့်တစ်နှစ်ကျော်က ဘုရားကြီးအရှေ့ဘက်မုခ်တွင် ဆန္ဒပြနေသည့် မြတောင်သပိတ်စစ်ကြောင်းအား ပစ်ခတ်ခဲ့သူဖြစ်ကြောင်း မဟာမိတ်တပ်ဖွဲ့များမှ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာသည်ဆိုသော ထုတ်​ပြန်စာကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တွေ့ရှိခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *