၂၈. ၃. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်ဖြင့်လက်ဖက်ရည်သွားသောက်သည့် ရာအိမ်မှူးတစ်ဦးအား သေနတ်သမားနှစ်ဦးက မျက်နှာချင်းဆိုင်ရှေ့တည့်တည့်က ပစ်သ-တ်သွားမှု မလှိုင်မြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ နယ်မြေ(၁၂)တွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ်ခန့်ရှိသော ရာအိမ်မှူးသည် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲဝန်းကျင်က နေအိမ်မှ လက်ဖက်ရည်ဆိုင်သို့ တစ်ဦးတည်းဆိုင်ကယ်တစ်စီးဖြင့် သွားရောက်ခဲ့ရာ မလှိုင်-ကျောက်တန်းသို့ သွားသည့် စက်မှု(၁)လမ်းမကြီး၊ ရုပ်ရှင်ရုံဟောင်း၊စျေးဆိုင်တန်းရှေ့လမ်းမအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ဆိုင်ကယ်စီးနင်းလာစဥ်အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် စီးနင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက မျက်နှာချင်းဆိုင်တည့်တည့်ရောက်ချိန် သေနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အိမ်ကနေ လက်ဖက်ရည်သောက်မယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ လမ်းမှာပစ်သတ်ခံရတယ်ကြားလို့ လိုက်သွားတော့ သွေးအိုင်ထဲမှာသေနေတာကို တွေ့လိုက်ရတယ်။ ပတ်ဝန်းကျင်မေးကြည့်တော့ ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ ယောက်က မျက်နှာချင်း ဆိုင်ပစ်သတ်သွားတာလို့ကြားတယ်” ဟု အသ-တ်ခံရသူနှင့် အမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးသည် ယာဘက်လည်ပင်းကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လည်ပင်းကိုလည်း ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ယာဘက်တံတောင်ဆစ်ကိုပါ ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းအခင်းဖြစ်ရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တရားခံများအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *