



ရောင်ဝါ
၂၉. ၁၁. ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်း တရားမဝင် ထိုင်းနိုင်ငံသားများအပါအဝင် ကာစီနိုလောင်းကစားဝိုင်းလုပ်ကိုင်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ များသည် နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖားခြောက်ကောင်လမ်းရှိ Grand Myawaddy ဟိုတယ်အတွင်း သတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လောင်းကစားဝိုင်း(ကာစီနို)များ ကျူးလွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသီး ၇၁ ဦး၊ စုစုပေါင်း ၇၉ ဦး၊ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၂၇၂ ဦးနှင့် အမျိုးသမီး ၃၂၁ ဦး၊ စုစုပေါင်း ၅၉၃ ဦး တို့ကို လောင်းကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် Laptop ၁၈၅ လုံး၊ All in One ကွန်ပျူတာ ၁၉၂ လုံး၊ မော်နီတာ ၄၀ လုံး၊ CPU ၄၀ လုံး နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၃၄၅ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။






အလားတူ နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ Myawaddy Complex အမည်ရှိနေရာအား ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါ လောင်းကစားရုံအတွင်းမှ All in One ကွန်ပျူတာ ၁၀ လုံး၊ မော်နီတာ ၅၀ လုံး၊ CPU ၅၀ လုံး UPS ၁၀ လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၁၀ လုံး နှင့် ဖဲကစားခုံ ၂ ခုံ တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံ နေရာများတွင် လိုအပ်သည့်ရှာဖွေပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမှတ်(၅) ရပ်ကွက်၊ ဝါးတောလမ်းနေရာတစ်ဝိုက်၌ မသင်္ကာဖွယ်မီးရောင်များ တွေ့ရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်၊ ယနေ့နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၂၀ ဦးကိုလည်းကောင်း၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၅ ဦးကိုလည်းကောင်း၊ နံနက် ၃ နာရီ ၅၀ မိနစ် ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၂၂ ဦးကိုလည်းကောင်း၊ စုစုပေါင်း ထိုင်းနိုင်ငံသား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၃၇ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
