MT News
၂၉. ၁၁. ၂၀၂၆
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ National Convention Center ၌ ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။



■ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ၊ ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်မှုနှင့် နည်းပညာ အလျင်အမြန် ပြောင်းလဲတိုးတက်မှုတို့ကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
■ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကဏ္ဍ ၃ ရပ်
ထို့အတူ နိုင်ငံတော်သမ္မတက ခေတ်မီ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသ တည်ဆောက်ရေးအတွက်
- MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် e-Commerce Platform တည်ထောင်ရန်နှင့် မြန်မာနိုင်ငံ၏ OROP၊ ထိုင်းနိုင်ငံ၏ OTOP၊ ဗီယက်နမ်နိုင်ငံ၏ OCOP အစီအစဉ်များ ချိတ်ဆက်၍ ဒေသတွင်းကုန်သွယ်မှု မြှင့်တင်ရန်။
- စားရေရိက္ခာ၊ ရေနှင့် စွမ်းအင်ဖူလုံရေးအတွက် ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်။
- အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းစေရန်၊ ACMECS ပင်မစီမံချက်အသစ် အတည်ပြုရေး၊ ယာယီအတွင်းရေးမှူးရုံး အားကောင်းစေရေးနှင့် ဖွံ့ဖြိုးမှုရန်ပုံငွေ (ACMDF) အမြန်ဆုံး ထူထောင်ရေး ဆောင်ရွက်ရန် အချက်သုံးချက်အား ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။
■ ကြေညာစာတမ်း အတည်ပြုခြင်းနှင့် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းခြင်း



ထို့နောက် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေး၏ နေပြည်တော်ကြေညာစာတမ်းနှင့် ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့ကို နိုင်ငံ့ခေါင်းဆောင်များက အတည်ပြုခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာ၌ ACMECS ၏ အောင်မြင်မှုသည် ချမှတ်သည့် ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မှုအပေါ်တွင်လည်း မူတည်ကြောင်းနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပြီး ACMECS အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
