MT News
၂၉. ၁၁. ၂၀၂၆
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ National Convention Center ၌ ယမန်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဒေသတွင်း စီးပွားရေးချိတ်ဆက်မှု မြှင့်တင်ရေးနှင့် အရင်းအမြစ်များ ထိရောက်စွာ စုစည်းအသုံးချရေး ဆွေးနွေးပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။

■ နိုင်ငံတော်သမ္မတ၏ ဆွေးနွေးပြောကြားချက်များ
ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက CLMV နိုင်ငံများ၏ ပထဝီဝင်၊ သဘာဝသယံဇာတနှင့် လုပ်သားအင်အားဆိုင်ရာ အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် MSME လုပ်ငန်းများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံမှ ကုန်းတွင်းဆိပ်ကမ်း ၈ ခုအပါအဝင် စုစုပေါင်း ၄၅ ခုပါဝင်သည့် ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံအစီအစဉ်ကို အပြည့်အဝထောက်ခံကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း၊ သီလဝါစက်မှုဆိပ်ကမ်း၊ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးနှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ ချိတ်ဆက်၍ နိုင်ငံတကာဈေးကွက်များသို့ ပိုမိုလက်လှမ်းမီနိုင်ရေး ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံက ဦးဆောင်တာဝန်ယူထားသည့် စိုက်ပျိုးရေး၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် ခေတ်မီနည်းပညာအသုံးချရေး၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ရေး၊ စွမ်းအင်ဖူလုံရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်မြှင့်တင်ရေး၊ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) နှင့် ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များအား နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များ ပံ့ပိုးပေးရန် ဖိတ်ခေါ်ခဲ့သည်။

■ အခြားနိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပြောကြားချက်များ
အစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ်က ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းသစ်များ ဖော်ဆောင်ရေး၊ စီးပွားရေးစင်္ကြံနှင့် ဒစ်ဂျစ်တယ်ကွန်ရက်များ ချိတ်ဆက်ရေး၊ အရင်းအမြစ်များ စုစည်းအသုံးချ၍ ဖွံ့ဖြိုးမှုအကျိုးရလဒ်များ မျှဝေခံစားရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။
အလားတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး၊ စီးပွားရေးစင်္ကြံများ ချိတ်ဆက်ရေး၊ နည်းပညာ၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး၊ ဘဏ္ဍာရေးရန်ပုံငွေ ထူထောင်ရေးနှင့် “နိုင်ငံလေးနိုင်ငံ၊ ခရီးစဉ်ဒေသတစ်ခု” အစီအစဉ် ဖော်ဆောင်ရေးတို့ကို အဆိုပြုဆွေးနွေးခဲ့သည်။
ထို့အတူ လာအိုနိုင်ငံဝန်ကြီးချုပ်က သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ချိတ်ဆက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

■ အာဆီယံနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဆွေးနွေးပြောကြားချက်များ
အထက်ပါ ဆွေးနွေးမှုများအပြင် အာဆီယံအတွင်းရေးမှူးချုပ်က ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးရေး၊ MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် CLMV ပူးပေါင်းဆောင်ရွက်မှုယန္တရား အားကောင်းစေရေးတို့ကို အကြံပြုခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များကလည်း နည်းပညာ၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ကုန်စည်ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

■ အစည်းအဝေးရလဒ်များ
ယင်းအစည်းအဝေးတွင် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်၊ ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံအစီအစဉ်နှင့် အမွေအနှစ်ခရီးစဉ်အစီအစဉ်တို့ကို အတည်ပြုချမှတ်ခဲ့ကြပြီး CLMV အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
