၂၇.၁၁.၂၀၂၆
Written by NYL
ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ တင်ပြလာသည့် တိုင်ကြားစာများကို စနစ်တကျစိစစ်အရေးယူလျက်ရှိပြီး လူမှုကွန်ရက်များပေါ် တပ်မတော်အရာရှိအယောင်ဆောင် ငွေကြေးလိမ်လည်တောင်းခံသူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြားသည်။
အဆိုပါပြောကြားချက်ကို ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် “ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆)” တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ပြစ်မှုကျူးလွန်သူ တချိုကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ်၏ပုံရိပ်ကို ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း ဗဟိုအဖွဲ့သို့ တင်ပြလာသည့် တိုင်ကြားစာများအား စနစ်တကျစိစစ်၍ အရေးယူစေလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့်လည်း ပေါင်းစပ်၍ ဥပဒေမဲ့ဆောင်ရွက်ချက်များကို ထိထိရောက်ရောက် အရေးယူလျက်ရှိပါကြောင်း” အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုကွန်ရက်များပေါ်တွင် တပ်မတော်အရာရှိ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ်အရေးယူခဲ့ပြီး ဆက်လက်၍ လည်း စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများကိုလည်း တပ်/သင်တန်းကျောင်းများမှ ပြန်လည်စေလွှတ်ပေးသည့်အခါ သက်ဆိုင်ရာ တာဝန်ရှိအဖွဲအစည်းများသိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်း/ လက်ခံပြုလုပ်၍ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီသို့ လွှဲပြောင်း/ လက်ခံပြုလုပ်ပေးခြင်းမျိုးမရှိပါကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျဆင့်ခေါ်မှုကို အလေးထားရန်” လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲများအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတိုင်းဒေသကြီး/ ပြည်နယ်အလိုက် နယ်မြေများအတွင်း အဓမ္မဆင့်ခေါ်မှုနှင့် ငွေကြေးတောင်းခံမှုများမရှိစေရေး စနစ်တကျ စီမံချက်ချဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့အထိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၇) (၇/၂၀၂၆)ထိ သင်တန်းဆင်းခဲ့ပြီး လက်ရှိတွင်လည်း သင်တန်း(၃)ပတ်စဉ် ဖွင့်လှစ်တက်ရောက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဖွဲများအနေဖြင့် အင်အားအချက်အလက်အမှန်ရရှိရေး မိမိနယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် ပေါင်းစပ်၍ စာရင်းပြုစုမှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ပြီး ထိုသို မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ် နိုင်ရေးစီမံထားရှိရမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဋ္ဌများနှင့် အလုပ်အဖွဲဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် အလုပ်အဖွဲဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
