MT News
၂၁. ၁၁. ၂၀၂၆
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က တရုတ် တရားခံပြေးတစ်ဦး အပါအဝင် လူ ၁၀၆ ဦးပါဝင်သော ကျားဖြန့်ဂိုဏ်းအား သာကေတတွင် ဖမ်းမိပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၁ဝ၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီး အောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားမှုကျူးလွန်ခြင်းများအား တားဆီးကာကွယ်ခြင်းနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်လုပ်ကိုင်နေသူ ၁ဝ၅ ဦး အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။




ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည် မှုများလုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ဝင်ရောက် ရှာဖွေရာ နိုဝင်ဘာလ ၂၀ ရက်၊ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ်(၁၉-A) နေအိမ်အတွင်းရှိ အွန်လိုင်းငွေကြေး လိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၁ဝ၅ ဦး တို့အား ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ၂၃ လုံး၊ WIF၊ စက် ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ရှာဖွေ ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အဆိုပါရပ်ကွက်အတွင်း စုံစမ်း ဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ မရမ်းကုန်း မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အိမ်အမှတ်(၄၃/၁)၌ အွန်လိုင်း ငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ALL IN ONE ကွန်ပျူတာ ၁ လုံးနှင့် လက်ကိုင်ဖုန်းမျိုးစုံ ၁၂၁ လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ကိုင်သူများသည် ၂၀၂၆ ခုနှစ်၊ မေလခန့်မှစ၍ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အိမ် အမှတ်(၁၉/A)တွင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းအား စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံသုံး APPLICATION များအား အသုံးပြု၍ ငွေကြေး လိမ်လည်ခဲ့ပြီး လစာအနေဖြင့် ယွမ် ၅ဝဝဝ ခန့် ရရှိကြောင်း၊ လုပ်ငန်း လုပ်ကိုင်သူများ ခေါ်ယူရာတွင် TELEGRAM မှတစ်ဆင့် တရုတ်စကားပြောနိုင်သူများကို ရွေးချယ်ပြီး နေ့စဉ် မနက် ၈ နာရီမှ ည ၈ နာရီထိ အလုပ်လုပ်ကိုင်ကြကြောင်း၊ လုပ်ငန်းတာဝန် ခွဲဝေမှုအနေဖြင့် ငွေကြေးလိမ်လည်ရေးအဖွဲ့၊ အဆောက်အဦ စောင့်ရှောက်ရေးအဖွဲ့၊ အစားအသောက်ပစ္စည်းပေးအပ်ရေးအဖွဲ့နှင့် ထမင်းချက်အဖွဲ့ စသည်ဖြင့် ၄ ဖွဲ့ ထားရှိ ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန် ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေး အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းငွေကြေးလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
