၂၀.၁၁.၂၀၂၆
Written by NYL
အာဆီယံမှ နုတ်ထွက်မည်ဆိုသော မေးခွန်းများအပေါ် နိုင်ငံတော်သမ္မတသည် အာဆီယံနိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံသွားမည်ဖြစ်ပြီး Case by Case ကြည့်ပြီးမှ မည်သို့ဆက်လုပ်မည်ကို ဆုံးဖြတ်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မြန်မာနိုင်ငံသည် အာဆီယံမှ နုတ်ထွက်တော့မည်လားဆိုသည့် မေးခွန်းစိုးရိမ်မှုများရှိနေမှုနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ” သမ္မတကြီးရဲ့ စကားထဲမှာပဲ ပါသွားပါပြီ။ သူက ပြန်ပြီးတော့ သုံးသပ်မယ်၊ အခြေအနေတွေကို ပြန်ပြီး သုံးသပ်ရပါမယ်။ ဒါလည်း ပြီးခဲ့တဲ့ Summit မှာ ထွက်လာတဲ့ Result တွေ့မှာပါ။ အဲ့တော့ ကျွန်မတို့ ဘက်ကတော့ အာဆီယံနိုင်ငံ တစ်နိုင်ငံအနေနဲ့ Member နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံ အားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံနေပါတယ်။ တက်ရမယ့် အစည်းအဝေးတွေ အကုန်လုံးကိုလည်း ကျွန်မတို့ ဘက်က တက်နေပါတယ်။ ပါဝင်ဆွေးနွေးနေပါတယ် ” ဟု ပြောကြားသည်။
ဆက်လက်၍ အာဆီယံမှ ထွက်ရှိလာသည့် Consensus သည် အားလုံးသဘောတူညီချက်ဖြစ်သည်လားဟု မေးခွန်းထုတ်ခဲ့ပြီး နောက်ပိုင်းတွင် Case by Case ကြည့်ပြီးမှ ဘာဆက်လုပ်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“အာဆီယံ Summit ကနေ ထွက်လာတဲ့ ဆုံးဖြတ်ချက်၊ အဲဒီဆုံးဖြတ်ချက်ကရော တကယ့် Consensus ဟုတ်ရဲ့လားဆိုတာ။ နောက် Five-Point Consensus ဆိုတာ။ အလားတူပါပဲ တကယ့် Consensus ၊ Consensus ဆိုတာ တစ်ယောက်မှ စိတ်မတူလို့ မရပါဘူး။ တစ်ယောက်မှ သဘောမတူလို့ မရဘူး။ အဲ့တော့ အားလုံး သဘောတူတာ ဟုတ်ရဲ့လား။ ကျွန်မတို့ ၆ နိုင်ငံကို ရောက်ခဲ့တယ်။ ၆ နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်။ အဲ့တော့ ဒါကတော့လက်ရှိ ကျွန်မတို့ရဲ့ အနေအထားပါ။ အဲ့တော့ နိုင်ငံတော်သမ္မတကြီးကလည်း အာဆီယံနိုင်ငံ အားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံပါမယ်။ Bilateral သွားပါမယ်။ ခုနက စကားသည် ဘယ်လောက်ထိ နောက်ပိုင်းမှာ ဒါကတော့ Case by Case ကို ကြည့်ပြီးတော့မှ ဘာဆက်လုပ်မယ် ကျွန်မတို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ် ဆိုတော့ အခု လောလောဆယ်မှာ ဘာမှ မပြောနိုင်ပါဘူး ” ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ထို့ပြင် Bilateral မိမိတို့ သွားနေပြီးကုန်းတွင်း ၅ နိုင်ငံလုံးသည် မြန်မာနိုင်ငံနှင့် အဆင်ပြေကာ မြန်မာနိုင်ငံဘက်မှ အပြည့်အဝရပ်တည်ကြောင်း၊
ပင်လယ်ဘက် နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသို့သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို အပြည့်အဝ ထောက်ခံကြောင်း၊ အာဆီယံတွင် နဂိုပုံမှန်အတိုင်း ပြန်လည်ပါဝင်ရေးအတွက်ကို ထောက်ခံပေးသွားမည်ဟု ပြောကြားခဲ့သလို မီဒီယာများတွင် အကုန်လုံး ပြောထားပြီးသားဖြစ်ကြောင်း၊ ယင်းကြောင့် အာဆီယံ ၁၁ နိုင်ငံတွင် ၆ နိုင်ငံသို့ Bilateral သွားခဲ့ပြီး အားလုံး အဆင်ပြေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
