၂၀.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် လေကြောင်းခရီးသွားလာရေး၊ ဘဏ်လုပ်ငန်းနှင့် အမျိုးသားလုံခြုံရေးစနစ်များတွင် အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရပြီး ရက်ပိုင်းအကြာ အိမ်ဖြူတော်၏ အမျိုးသား ဆိုက်ဘာကဏ္ဍ ဒါရိုက်တာ ရှောင်ကိန်းခရော့စ် (Sean Cairncross) ကို အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သူတစ်ဦးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော နည်းပညာဆိုင်ရာ အနှောင့်အယှက်များနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် ၎င်း၏ အစိုးရအဖွဲ့အပေါ် ဝေဖန်စစ်ဆေးမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။အဆိုပါ နည်းပညာဆိုင်ရာ အနှောင့်အယှက်များကြောင့် Microsoft အသုံးပြုသူ သန်းပေါင်းများစွာကို ထိခိုက်စေခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ချို့ယွင်းမှုနှင့် လေကြောင်းခရီးစဉ်ပေါင်း ၁၈,၀၀၀ ကျော်ကို ထိခိုက်စေခဲ့သည့် အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးသွားလာရေး ရပ်တန့်မှုများ ဖြစ်ခဲ့ရသည်။
ရှောင်ကိန်းခရော့စ်သည် အမေရိကန်ပြည်ထောင်စုအစိုးရအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများကို ကြီးကြပ်ကွပ်ကဲသူ ဖြစ်သည်။ သတင်းရင်းမြစ်၏ အဆိုအရ ကာကွယ်ရေးဌာနမှ အကြီးတန်း သတင်းအချက်အလက်အရာရှိ ကာ့စတင် ဒေဗီးစ် (Kirsten Davies) က ဤရာထူးကို ယာယီ တာဝန်ယူသွားမည် ဖြစ်သည်။
အမည်မဖော်လိုသူ အဆိုပါပုဂ္ဂိုလ်က “ရှောင်ကိန်းခရော့စ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ သမ္မတက အပြည့်အဝ ထောက်ခံခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ကိန်းခရော့စ်က နိုဝင်ဘာလ ၁၉ ရက်ညတွင် ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပြီး ထရမ့်ပ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့်ရခြင်းမှာ ဘဝတစ်လျှောက်လုံးအတွက် ဂုဏ်ယူစရာ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီကဖြစ်ပွားခဲ့သော နည်းပညာပိုင်းဆိုင်ရာအနှောင့်အယှက်များသည် ဉာဏ်ရည်တုနည်းပညာ ခေတ်တွင် ဆော့ဖ်ဝဲလ် အားနည်းချက်အသစ်များကို ကုမ္ပဏီများက အမြန်ဆုံး ပြင်ဆင်ရန် ကြိုးပမ်းမှုများနှင့် ဆက်စပ်နေဖွယ်ရှိကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ခေတ်မီ ဉာဏ်ရည်တုနည်းပညာ ကိရိယာများက ကုမ္ပဏီများအတွက် ၎င်းတို့၏ ဆိုက်ဘာလုံခြုံရေး အကာအကွယ်များတွင် ရှိနေသည့် အားနည်းချက်များကို ပိုမို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်စေသည်။
အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတစ်ဦးကအဆိုပါအနှောင့်အယှက်များသည် ပြုပြင်ထိန်းသိမ်းမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် သီးခြား ချို့ယွင်းမှုများသာ ဖြစ်ပြီး စနစ်တကျ စီစဉ်ထားသော သို့မဟုတ် နိုင်ငံတစ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်က ပြောခဲ့သည်။
မစ်ဆိုရီ ပြည်နယ်မှ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အဖွဲ့ဝင် ဂျို့ရှ် ဟောလီက နိုဝင်ဘာလ ၁၇ ရက်တွင် ဝါရှင်တန်၌ သတင်းထောက်များအား ပြောကြားရာ၌ ဖြစ်ပွားခဲ့သည့် ဝန်ဆောင်မှုပြတ်တောက်မှုများနှင့် ပတ်သက်၍ ထရမ့်ပ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်အမတ်များကို ရှင်းပြသင့်ကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် ဤနေရာတွင် ဘာတွေဖြစ်ပျက်နေသည်ကို အမေရိကန်ပြည်သူများထံသို့ မျှဝေပြောပြနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကိန်းခရော့စ်သည် ဆိုက်ဘာကဏ္ဍဆိုင်ရာ ဒါရိုက်တာရာထူးကို မရယူမီက ရီပတ်ဘလစ်ကန် အမျိုးသား ကော်မတီတွင် အမှုဆောင်အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏နေရာကို ဆက်ခံမည့်သူအား အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးရန် လိုအပ်မည်ဖြစ်ပြီး၊ ဇန်နဝါရီလမှစတင်ကာ အထက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်သွားမည် ဖြစ်သည်။
Ref: Reuters
