ပြည်တွင်းရှိ ရော်ဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ် (Photo- Myanmar Sustainable Natural Rubber Association)
၁၇. ၃. ၂၀၂၃
Written by Ye Kyaw
ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေမှုကြောင့် တရုတ်နိုင်ငံမှ မြန်မာ့ရော်ဘာကို ပိုမိုဝယ်ယူလာပြီး ပြည်တွင်းရော်ဘာဈေးနှုန်းပါ လိုက်ပါမြင့်တက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် နိုင်ငံတကာရော်ဘာဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၁၇၅၀ သာရှိသော်လည်း လက်ရှိတွင် တစ်တန်လျှင်ဒေါ်လာ ၁၈၀၀ အထိမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာများ၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“နိုင်ငံတကာ ရော်ဘာဈေးက ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက တက်လာတော့ ပြည်တွင်းဈေးလည်း ပြန်တက်လာတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတကာ ရော်ဘာဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းမှာ ယခင်က တစ်ပေါင်လျှင် ကျပ် ၁၃၅၀ ကျော်သာရှိသော်လည်း လက်ရှိတွင် တစ်ပေါင်လျှင် ကျပ် ၁၄၀၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရော်ဘာစိုက်ပျိုးဧက တစ်သန်းခွဲကျော်ရှိသည့်အနက် ထုတ်လုပ်နိုင်သည့်ဧကပေါင်း ရှစ်သိန်းခွဲကျော်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်လေးသိန်းခန့် ထွက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
