၁၅.၉.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ အနောက်ပိုင်း၊ ဟီလ်ဗာဆမ်မြို့မှ ကီလိုမီတာ ၁၅၀ ခန့်အကွာတွင် နယ်သာလန်နိုင်ငံ၏ အရှေ့ဘက်နယ်စပ်အနီး၌ စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းက လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ ရာလူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ လူလေးဦးစီးနင်းနိုင်သော ထိုလေယာဉ်ငယ်သည် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် နုဒ်-ဟော်လန် ပြည်နယ်၊ ဟီလ်ဗာဆမ်မြို့လေဆိပ်မှ ပျံတက်လာခဲ့ပြီး နံနက် ၁၁ နာရီ ၁၈ မိနစ်တွင် ဂျာမနီနိုင်ငံတွင်း လယ်ကွင်းပြင်တစ်ခု၌ ပျက်ကျခဲ့ခြင်းဟု ဆိုသည်။
အဆိုပါဖြစ်ရပ်က မြောက် ရွိုင်း-ဝက်စ်ဖါလီယား ပြည်နယ်၊ အာ့က်ကီလန့်ဇ် မြို့နယ်အတွင်းရှိ ဂါဒီရတ် Gerderath ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းမှာ မသဲကွဲသေးကြောင်းနှင့် လေယာဉ်ပေါ်ပါ လူသုံးဦးစလုံး ဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ ဤဖြစ်စဉ်ကို ဂျာမနီနိုင်ငံရှိ ဖက်ဒရယ်လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် နယ်သာလန်ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (Dutch Safety Board) တို့က စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။
သေဆုံးသူများမှာ အသက် ၅၇ နှစ်နှင့် ၅၈ နှစ်စီရှိကြသော အမျိုးသားနှစ်ဦးနှင့် အသက် ၂၃ နှစ်ရှိ အမျိုး သမီးတစ်ဦးတို့ပါဝင်ကြောင်း သိရသည်။
ဂျာမနီ ရုပ်သံနှင့် မီဒီယာဌာန WDR ၏ သတင်းဖော်ပြချက်အရ Reims-Cessna F172P Skyhawk II အမျိုးအစား လေယာဉ်သည် ဟီလ်ဗာဆမ်မြို့၏ တောင်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာရှိ Freiburg im Breisgau မြို့သို့ ဦးတည်ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။ ဂျာမန်လေကြောင်းထိန်းချုပ်ရေးရုံး (DFS) ၏ အဆိုအရ လေယာဉ်မှူးသည် မိုးလေဝသအခြေအနေဆိုးရွားမှုနှင့် ကြုံတွေ့နေရကြောင်း အချက်ပြခဲ့ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
FlightAware လေယာဉ်ခြေရာခံစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်မှ အချက်အလက်များအရ ဗင်ရေးမြို့ရှိ Lieutenant General Best Barracks စစ်စခန်းအထက်တွင် ပျံသန်းနေစဉ် နံနက် ၁၀ နာရီ ၅၂ မိနစ်ခန့်၌ လေယာဉ်သည် ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံရသည်။ မှတ်တမ်းများအရ လေယာဉ်၏အမြန်နှုန်းသည် တစ်နာရီလျှင် မိုင် ၁၂၀ မှ ၇၀ မိုင်သို့ ရုတ်တရက် ကျဆင်းသွားခဲ့ပြီး စစ်စခန်းဝန်းကျင်ကို ပတ်ပျံနေစဉ် မြေပြင်အထက် ပေ ၂,၈၀၀ အမြင့်မှ ပေ ၉၀၀ အမြင့်သို့ ကျဆင်းသွားခဲ့သည်။ ယခင်က De Peel လေတပ်စခန်းဟု လူသိများခဲ့သော ထိုနေရာတွင် လေယာဉ်ပြေးလမ်းတစ်ခု ရှိသည်။
ထို့နောက် လေယာဉ်သည် အရှေ့ဘက်နှင့် တောင်ဘက်သို့ ဆက်လက်ပျံသန်းခဲ့ပြီး အမြန်နှုန်းမှာ အတက်အကျ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် နံနက် ၁၁ နာရီ ၄ မိနစ်၌ ဆီဗီနမ်မြို့အနီးတွင် ပေ ၃,၀၀၀ အမြင့်သို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။ မားစ် မြစ်ကို ဖြတ်ကျော်ပျံသန်းပြီး မိနစ်အနည်းငယ်အကြာတွင် လေယာဉ်သည် အမြင့်ပေ ၃,၅၀၀ အထိ ရောက်ရှိခဲ့သော်လည်း ဂျာမနီနယ်စပ်ဘက်သို့ ဆက်လက်ပျံသန်းစဉ်တွင်မူ အမြင့်ပေ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
ထို့နောက် လေယာဉ်သည် ဂီလန်ကာချန် Geilenkirchen မြို့ဘက်သို့ ဦးတည်ကွေ့ခဲ့ပြီး အမြင့်ပေမှာ ၇၀၀ အထိ ကျဆင်းသွားခဲ့သည်။ နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် လေယာဉ်၏အမြန်နှုန်းမှာ သုည (Zero) အထိ လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး FlightAware ၏ မှတ်တမ်းတွင် လေယာဉ်ငယ်လေးသည် ရေဒါစနစ်မှ ပျောက်ကွယ်မသွားမီ ခဏတာ အမြင့်တက်ခဲ့သည့် နောက်ဆုံးအချိန်ကို ပြသထားသည်။ ထိုအချိန်က ပျက်ကျသည့်ဒေသတစ်ဝိုက်တွင် မိုးတိမ်ထူထပ်မှုမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး တိမ်တိုက်များမှာ မြေပြင်အထက် မီတာ ၅၀ (ပေ ၁၆၅) ခန့်အထိ နိမ့်သော အမြင့်တွင် ရှိနေခဲ့သည်။ မြင်ကွင်းရှင်းလင်းမှုမှာ မီတာ ၄,၀၀၀ ခန့်ရှိပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် လေး ကီလိုမီတာအောက်သာရှိကာ တည်ငြိမ်စွာ တိုက်ခတ်နေခဲ့သည်။
Ref: NL Times
