MT News
အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီကို ဂုဏ်ပြုပြီး ဒါလဟိုဇီပန်းခြံလို့ အမည်တွင်ခဲ့ဖူးတဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက ဗိုလ်ချုပ်ပန်းခြံဟာ ကိုဗစ်ကို ထိန်းနိုင်အပြီး အေးချမ်းစွာ အပန်းဖြေသူတွေများပြားလာနေတဲ့ နေရာလည်းဖြစ်ပါတယ်။
တစ်ချိန်က အိန္ဒိယဘုရင်ခံချုပ်ရဲ့ပန်းခြံမို့လို့လား။ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ နီးလို့လား မပြောတတ်ပေမဲ့ လာအပန်းဖြေနားနေသူတွေကတော့ အိန္ဒိယနွယ်ဖွားတွေ များပြားနေတတ်တာကလည်း ထူးခြားတဲ့တိုက်ဆိုင်မှုလို့ ဆိုချင်လည်း ဆိုရမှာပါ။
ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံဟာ ညချမ်းအချိန်တိုင်းလာရောက်အပန်းဖြေသူတွေများတာနဲ့ ကလေးငယ်လေးတွေ လာရောက်ဆော့ကစားတာများတာကြောင့်လည်း ကလေးကြိုက်ပစ္စည်းလေးတွေ ရောင်းချသူတွေကလည်း ဆိုင် ၂၀ လောက်ဖွင့်ထားတာမြင်ရပြီး အဓိကလူစည်တာကတော့ စနေ၊ တနင်္ဂနွေရက်တွေနဲ့ အခါကြီးရက်ကြီးနေ့တွေဖြစ်ပြီး ရံဖန်ရခါဆို အဲဒီလိုရက်မျိုးတွေမှာလူချင်းထပ်လောက်အောင် ကြိတ်ကြိတ်တိုးစည်ကားနေတယ်လို့လည်း စျေးသည်တစ်ဦးက ပြောပြပါတယ်။






