၂၀. ၈ .၂၀၂၆
Written by Thiri
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ဦးကျေးရွာမှာ အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ ၅ နှစ်အရွယ် သားအရင်းကို ရွာအပြင်ကို ခေါ်ဆောင်သွားကာ ကိုင်ပေါက်တာ၊ လည်ပင်းညှစ်တာ၊ တုတ်နဲ့ ရိုက်နှက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ် အသက်ဆုံးပါးသွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ မကွေးလူမှုကယ်ဆယ်ရေးအသင်း ရောင်စုံမေတ္တာက ဖော်ပြ အသိပေးထားပါတယ်။
ဖြစ်စဉ်က မနေ့ ဩဂုတ်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက အခင်းဖြစ်နေရာဆီ ရောက်ကာ ရုပ်အလောင်း လာရောက်သယ်ဆောင်ပေးဖို့ “ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း” ကို ဆက်သွယ်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက ဖုန်းဆက်အကြောင်းကြားလာတာကြောင့် အသင်းရုံးပိုင် ကားတစ်စီးနဲ့ သွားရောက်သယ်ဆောင်ပေးကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ လိုအပ်တဲ့ ရဲလုပ်ငန်းစဉ် ဆေးစစ်ချက်တွေ ရယူနိုင်ဖို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးစစ်ချက်တွေ ပြုလုပ်အပြီးမှာ ရုပ်အလောင်းကို ကန်ဦးကျေးရွာဆီ အခမဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့သလို ရင်ခွဲရုံ ကုန်ကျစရိတ်တွေကိုလည်း ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းက တာဝန်ယူ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အရက်ကြောင်နေသူတွေရဲ့ အန္တရာယ်ကို သတိပြုနိုင်ရန်လည်း အသင်းက အသိပေး နှိုးဆော်ထားပြီး သြဂုတ်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကျောင်းသားကလေးငယ်တစ်ဦး စိတ်ပြောင်းလဲ ဖောက်ပြန်နေသူရဲ့ အန္တရာယ်ပြု သတ်ဖြတ်တာကို ခံခဲ့ရပါသေးတယ်။
