သက်တံ့
၁၉. ၈ . ၂၀၂၆
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရှိရင်းစွဲမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် အလားအလာရှိသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ–ရုရှား သံတမန်ဆက်ဆံရေးသည် ယခုအခါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှ သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း၊ စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နည်းပညာ၊ သုတေသန၊ မွေးမြူရေး၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအပါအဝင် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။





ထို့အပြင် ရေနံတူးဖော်ရေးနှင့် ရေနံသန့်စင်ရေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း၊မြန်မာ–ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာမြောက် စီမံကိန်းတစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း၊ထားဝယ်စီမံကိန်းနှင့် ဆက်စပ်၍ LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့အခြေခံ အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများအဖြစ် သတ်မှတ်ထားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် High-Tech လုပ်ငန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း၊ MIR Card System နှင့် Myanmar Payment Union (MPU) ကွန်ရက်ကို ချိတ်ဆက်ထားပြီး ကျပ်–ရူဘယ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုများလည်း စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ မြန်မာ–ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး MoU ကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် မြန်မာထုတ်ကုန်များကို ဥရောပ–အာရှစီးပွားရေးသမဂ္ဂ (EAEU) ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် မြန်မာ–ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
