သတိုး
၁၉. ၈. ၂၀၂၆
မြန်မာအစိုးရက ထုတ်ပြန်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီအရေအတွက်သည် လွဲမှားနေသော ကိန်းဂဏန်းများပေါ်တွင် အခြေခံထားကြောင်း ဒါကာ (Dhaka) အစိုးရက ပြောကြားခဲ့သလို စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ရန်နှင့် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၁၉ ရက်) က တိုက်တွန်းတောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသည့် ဒုက္ခသည် ၈၂၈,၈၂၄ ဦး စာရင်းအနက် ၄၂၆,၅၄၅ ဦးကို စိစစ်ခဲ့ပြီး ၎င်းတို့အနက် ၃၀၈,၇၉၇ ဦးမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လာရောက်နေထိုင်ခဲ့သူများဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဘင်္ဂလားဒေ့ရှ်၏ အဆိုပါ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ လူဦးရေ တစ်သန်းကျော် စွန့်ခွာထွက်ပြေးခဲ့ရသည်ဆိုသည့် ပြောကြားချက်များကိုလည်း မြန်မာဘက်က ငြင်းဆိုထားသည်။
အဆိုပါ စာရင်းတွင် ပါဝင်သူ ၄,၂၄၁ ဦးမှာ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေကြောင်းနှင့် လူ ၁၁၃,၅၀၇ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်၍ မရရှိသေးကြောင်း မြန်မာအစိုးရက ဆိုခဲ့သည်။
◾️ မြန်မာ၏ ကိန်းဂဏန်းများအပေါ် ဒါကာ ငြင်းဆို
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် တူးဖိက်-အူရ်-ရာမန် (Md Toufiq-ur-Rahman) နှင့် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးတို့ ယနေ့ တွေ့ဆုံစဉ်အတွင်း အဆိုပါ ကိစ္စရပ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဩဂုတ် ၁၅ ရက်စွဲပါ မြန်မာနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် အချက်အလက် အများအပြား၊ အထူးသဖြင့် နေရပ်စွန့်ခွာသူ အရေအတွက်နှင့် ပတ်သက်၍ ဆန်းစစ်ချက်များသည် မှားယွင်းသော ကိန်းဂဏန်းများပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း ဒါကာက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ စနစ်အောက်တွင် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီများဆိုင်ရာ အချက်အလက်များကသာ ၎င်းတို့၏ အရေအတွက်ကို တိကျစွာ ဖော်ပြနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်က အခိုင်အမာ ပြောကြားသည်။
စိစစ်အတည်ပြုမှုများ ပြုလုပ်ရာတွင် ဒုက္ခသည်စခန်းများ၌ မွေးဖွားလာသည့် ဘင်္ဂါလီကလေးငယ်များနှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မှ စွန့်ခွာခဲ့ရသူများကိုပါ ထည့်သွင်းစဉ်းစားပေးရန် တူးဖိက်-အူရ်-ရာမန် က မြန်မာဘက်အား တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အဆိုပါ ထပ်တိုးဒုက္ခသည်များကို လက်ရှိတွင် မှတ်ပုံတင်ရေး လုပ်ဆောင်နေပြီး ယင်းလုပ်ငန်းစဉ် ပြီးစီးပါက အသေးစိတ် အချက်အလက်များကို မြန်မာဘက်သို့ မျှဝေသွားမည်ဟု ဆိုသည်။
ထို့အပြင် ဒုက္ခသည်များအား ‘ဘင်္ဂါလီ’ ဟု သုံးနှုန်းဖော်ပြခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ခဲ့ပြီး ၎င်းတို့သည် သီးခြား အထောက်အထား ရှိသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
◾️ ကုလသမဂ္ဂ၏ ကိန်းဂဏန်းများနှင့် မြန်မာ၏ ထုတ်ပြန်ချက်များ ကွဲလွဲနေဟု ဆို
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဘင်္ဂါလီအရေအတွက်သည် နှစ်နိုင်ငံကြား အဓိက သဘောထားကွဲလွဲသည့် အချက်အဖြစ် တည်ရှိနေဆဲဖြစ်သည်။
ကုလသမဂ္ဂ၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်တွင် ARSA အကြမ်းဖက်အရေးကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအပြီးတွင် ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်ဘက်က ယခင်က အဆိုပါ အရေအတွက်ကို ၈၀၀,၀၀၀ ကျော်ဟု ဖော်ပြခဲ့သော်လည်း မြန်မာဘက်ကမူ ထွက်ပြေးတိမ်းရှောင်သည့် ပမာဏအပေါ် ငြင်းခုံထားသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ ယခုနှစ် ဇူလိုင် ၃၁ ရက်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသော အမည်ပေါင်း ၈၂၈,၈၂၄ ဦးအနက် ထက်ဝက်ကျော် စိစစ်အပြီးတွင် ၃၀၈,၇၉၇ ဦးကိုသာ ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးသူများအဖြစ် အတည်ပြုခဲ့သည်။
◾️ နေရပ်ပြန်ရေး ရခိုင်ဒေသ လုံခြုံရေးအပေါ် မူတည်
နေရပ်ပြန်လည်လက်ခံရေး ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှသာ လုပ်ငန်းစဉ်များကို စတင်နိုင်မည်ဟု မြန်မာဘက်က ခိုင်ခိုင်မာမာ ပြောကြားထားသည်။
လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် ကြိုးပမ်းနေသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် နေရပ်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် နှစ်နိုင်ငံကြား သီးသန့် ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်းလည်း မြန်မာဘက်က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံး၏ ပြင်ဆင်မှုများ ရှိခဲ့သော်လည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် ယခင် ကြိုးပမ်းမှုများမှာ ဘင်္ဂါလီဒုက္ခသည် တစ်ဦးမျှ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ ပျက်ပြားခဲ့ရသည်။
သို့သော်လည်း အဆိုပါ ပြဿနာအတွက် တစ်ခုတည်းသော ရေရှည်တည်တံ့သည့် ဖြေရှင်းနည်းမှာ ဘင်္ဂါလီများ ရခိုင်ပြည်နယ်သို့ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် သဘောဆန္ဒအလျောက် ပြန်လည်ရောက်ရှိရေးပင် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်၏ စိုးရိမ်ပူပန်မှုများနှင့် လေ့လာတွေ့ရှိချက်များကို မိမိအစိုးရထံ တင်ပြသွားမည်ဟု တုံ့ပြန်ခဲ့သည်။ စိစစ်ပြီးသည့် ဘင်္ဂါလီများအား နေရပ်ပြန်လည်လက်ခံရေး စတင်နိုင်ရန်အတွက် စိစစ်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်သွားရန် မြန်မာနိုင်ငံက ဆက်လက် ကတိပြုထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: First Post
