◾️ ရုရှား၏ ဒရုန်းစခန်းသစ်များက ဥရောပဒေသအများအပြားကို မော်စကို၏ အဆင့်မြင့်လက်နက်များ လက်လှမ်းမီရာ နယ်မြေအတွင်းသို့ ကျရောက်စေနိုင်
သတိုး
၁၇. ၈. ၂၀၂၆
ရုရှားသည် အမေရိကန် အပါအဝင် နိုင်ငံ ၃၂ နိုင်ငံ ပါဝင်သည့် နေတိုး (NATO – မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ ) နယ်မြေအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သော လျှို့ဝှက် ဒရုန်းစခန်းများကို တည်ဆောက်ထားကြောင်း The Telegraph သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုတစ်ခုက ဖော်ထုတ်လိုက်သည်။ အဆိုပါ စခန်း ၁၀ ခုတွင် မော်စကို၏ အဆင့်မြင့်ဆုံး အဝေးပစ် အသေခံဒရုန်းများ လွှတ်တင်နိုင်သည့် ပစ်စင်အသစ်များ ပါဝင်နေသည်။
အဆိုပါ စခန်းအချို့ကို ယူကရိန်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အသုံးပြုနေပြီဖြစ်ပြီး နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ကိယက်ဗ် (Kyiv) ၏ လျော့နည်းလာသော လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ကျော်လွန်၍ လေကြောင်းမှ အစုလိုက်အပြုံလိုက် တိုက်ခိုက်ရာတွင် အထောက်အကူပြုလျက်ရှိသည်။

ထို့ပြင် အဆိုပါစခန်းများသည် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၏ နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းများဖြင့် လက်လှမ်းမီနိုင်သော အကွာအဝေးအတွင်း တည်ရှိနေသဖြင့် နေတိုးမဟာမိတ်များအတွက် ရေရှည်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာစေသည်။
လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသော နည်းပညာကြောင့် စစ်ပွဲဖြစ်ပွားပါက အဆိုပါစခန်းများသည် ဥရောပဘက်သို့ ဦးလှည့်လာနိုင်ကြောင်း၊ စခန်းအချို့သည် ရုရှား၏ စွမ်းအားအမြင့်မားဆုံး ဒရုန်းများဖြင့် ပိုလန်နိုင်ငံ၊ ဝါဆော (Warsaw) မြို့အထိ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း တည်ရှိနေကြောင်း လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

ဥရောပနှင့် အမေရိကန် ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ရုရှားသည် ပိုလန်ပိုင်နက်အတွင်း လက်နက်ကိုင် ရန်စမှုများ၊ အရေးပါသော အခြေခံအဆောက်အအုံများကို ဒုံးကျည် သို့မဟုတ် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ၊ သို့မဟုတ် ယူကရိန်းကို စွပ်စွဲနိုင်မည့် ပရိယာယ်သုံး တိုက်ခိုက်မှုများကို ပြုလုပ်ရန် စဉ်းစားနေသည်ဟု ယူဆရသည်။
နေတိုး အရာရှိတစ်ဦးက အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့သည် “မဟာမိတ်ပိုင်နက်၏ လက်မတိုင်းကို ကာကွယ်ရန် အသင့်ရှိကြောင်း” နှင့် “ဒရုန်းများမှလာသော ခြိမ်းခြောက်မှုများအပါအဝင် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ဟန့်တား ကာကွယ်ရန် ပြင်ဆင်ထားမှုကို ဆက်လက်မြှင့်တင်သွားမည်” ဟု The Telegraph သို့ ပြောကြားခဲ့သည်။

ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြု၍ ဘယ်လာရုစ်၊ ယူကရိန်းတို့နှင့် ထိစပ်နေသော ရုရှားနယ်စပ်တစ်လျှောက်တွင် အနည်းဆုံး ဒရုန်းလွှတ်တင်သည့် လမ်းကြောင်း (Launch Rails) သစ် ၅၉ ခုကို The Telegraph က စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့မှာ ပုံမှန် ပြေးလမ်းများအစား တောင်ပံတပ် ဒရုန်းများ ပျံတက်ရာတွင် အသုံးပြုသည့် စက်မှုလမ်းကြောင်းများ ဖြစ်ကြသည်။
အဆိုပါ ဒရုန်းစခန်းအချို့ကို စစ်ဘက်ဆိုင်ရာ စခန်းများနှင့် အရပ်ဘက် လေဆိပ်များမှ ပြင်ဆင်ပြောင်းလဲထားခြင်းဖြစ်ပြီး အချို့သော လွှတ်တင်သည့် ပစ်စင်များကိုမူ ရုရှား၏ ကျေးလက်ဒေသများတွင် သီးသန့် အသစ်ပြုလုပ်ထားခြင်းဖြစ်သည်။

ဒရုန်းဆိုင်ရာ ထောက်လှမ်းရေးကုမ္ပဏီတစ်ခုဖြစ်သည့် DroneSec က ဓာတ်ပုံများကို ဆန်းစစ်ချက်အရ အသစ်တပ်ဆင်ထားသော ပစ်စင် ၂၀ ခန့်မှာ ပုံမှန်ထက် ပိုမိုရှည်လျားသည်ကို တွေ့ရသဖြင့် ကရင်မလင်၏ နောက်ဆုံးပေါ် အဝေးပစ်တိုက်ခိုက်ရေး ဒရုန်းများကို လွှတ်တင်နိုင်သည့် စွမ်းရည်ရှိကြောင်း ညွှန်ပြနေသည်။
မော်စကိုသည် အီရန်စတိုင် Shahed ဒရုန်းများကို ပိုမိုမြန်ဆန်သည့် ဂျက်အင်ဂျင်သုံး အမျိုးအစားများအဖြစ် အလျင်အမြန် အဆင့်မြှင့်တင်နေပြီး မိုင် ၆၂၀ ခန့် (ကီလိုမီတာ ၁,၀၀၀ ခန့်) အကွာအဝေးရှိ ပစ်မှတ်များသို့ ရောက်ရှိနိုင်သည်။ အဆိုပါ စခန်းများမှ အဆင့်မြှင့်တင်ထားသော ဒရုန်းအသစ်များကို အသုံးပြုပါက ပိုလန်မြို့တော်အား တိုက်ခိုက်ရန် ပူတင်၏ လက်လှမ်းမီရာအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ရုရှားက ထိုကဲ့သို့ တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ညွှန်ပြချက်မရှိသေးသော်လည်း နေတိုးခေါင်းဆောင်များသည် အနာဂတ်ပဋိပက္ခအတွက် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ဒရုန်းများ၏ နှေးကွေးပြီး ဟောင်းနွမ်းသော အမျိုးအစားများသည်ပင် ဗြိတိန်ကမ်းလွန်အထိ ရောက်ရှိနိုင်သည်ဟု ကရင်မလင်က အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း စခန်းများမှတစ်ဆင့် ဗြိတိန်ကို တိုက်ခိုက်ရန် ကြိုးပမ်းမှုမှန်သမျှကို ဟန့်တား ကြားဖြတ်နိုင်ခြေ အလွန်မြင့်မားသည်။
အွန်လိုင်းတွင် ပေါက်ကြားခဲ့သည့် ယူကရိန်းအစိုးရ၏ စာရွက်စာတမ်းများအရ Geran-4 နှင့် Geran-5 ဟု အမည်ပေးထားသည့် နောက်ဆုံးပေါ် အမျိုးအစားများသည် ၉၀ ကီလိုဂရမ်အထိ ပါဝင်ပစ္စည်းများကို သယ်ဆောင်နိုင်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်လောက်အောင် မြန်ဆန်စွာ ပျံသန်းနိုင်ကြောင်း သိရသည်။ ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးအဖွဲ့ (GUR) ကလည်း ရုရှားသည် ကိယက်ဗ်ကို ကာကွယ်ပေးနေသော လေယာဉ်များကို တိုက်ခိုက်ရန် Geran ဒရုန်းများတွင် ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်နေကြောင်း သတိပေးထားသည်။

ဂြိုဟ်တုဓာတ်ပုံများအရ နည်းပညာမြင့် ဒရုန်းများ အများအပြား ရှိနေသည်ကို တွေ့ရပြီး စခန်းတစ်ခုတွင် ဒရုန်း အရေအတွက် ၁,၀၀၀ ကျော်ကို တစ်ပြိုင်နက်တည်း သိုလှောင်ထားနိုင်သည့် ပမာဏရှိသည်။ အဓိကစခန်းအချို့တွင် လွှတ်တင်သည့် ပစ်စင်များကို ပိုမိုဆောက်လုပ်နေဆဲဖြစ်ရာ ဒရုန်းခြိမ်းခြောက်မှုကို ပိုမိုတိုးမြှင့်ရန် မော်စကို၏ ရည်မှန်းချက်ကို ပေါ်လွင်စေသည်။
အဆိုပါ စခန်းများကို တစ်နှစ်လျှင် ဒရုန်း ၆,၀၀၀ ထုတ်လုပ်နေသည့် Alabuga အထူးစီးပွားရေးဇုန်အပါအဝင် နိုင်ငံအနှံ့ရှိ လက်နက်စက်ရုံများမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း The Telegraph က နားလည်ထားသည်။
ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်ခဲ့သည့် DroneSec ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mike Monnik ၏ အဆိုအရ ကရင်မလင်သည် “ယူကရိန်းကို တိုက်ခိုက်ရန်နှင့် နေတိုးနိုင်ငံများကို ထိုသို့သော တိုက်ခိုက်မှုဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေတွင် ထားရှိရန်” ၎င်း၏ ဒရုန်းကွန်ရက်ကို “သိသိသာသာ တိုးချဲ့ခဲ့သည်” ဟု သိရသည်။

Mr. Monnik က “ဒီလို လွှတ်တင်တဲ့ စခန်းတွေကို တိုးချဲ့လိုက်တာဟာ ရုရှားအနေနဲ့ ဒရုန်းအရေအတွက် အမြောက်အမြားကို လွှတ်တင်နိုင်စွမ်းကို တိုးမြှင့်လိုက်သလို တစ်ချိန်တည်းမှာပဲ အသုံးပြုတဲ့ ဒရုန်းအမျိုးအစားတွေကို ကြားဖြတ်ရ ခက်ခဲအောင် နည်းပညာကို အသုံးပြုထားတာကို ပြသနေပါတယ်။ ဒီအချက်နှစ်ချက် ပေါင်းစပ်သွားတဲ့အတွက် ရုရှားအနေနဲ့ ယူကရိန်းကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်စနစ် အဓိက အရေအတွက် ပိုမိုများပြားလာပြီး ယူကရိန်းတပ်ဖွဲ့တွေအတွက် ရုရှားရဲ့ ဒရုန်းပုံစံအသစ်တွေကို ကြားဖြတ်ဖို့ ပိုမိုခက်ခဲလာစေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အလားတူ နေတိုး အရာရှိတစ်ဦးက The Telegraph သို့ “ဒရုန်းတွေဟာ ခေတ်သစ်စစ်ပွဲရဲ့ သဘောသဘာဝကို အခြေခံကျကျ ပြောင်းလဲလိုက်ပြီး စစ်မြေပြင်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒရုန်းတွေကို အမြောက်အမြား ထုတ်လုပ်ဖို့၊ မောင်းနှင်ဖို့နဲ့ ချေမှုန်းနိုင်ဖို့ စွမ်းရည်တွေကို အရှိန်အဟုန်နဲ့ တိုးချဲ့နေပါတယ်” ဟု ပြောကြားခဲ့သည်။

The Telegraph ၏ စုံစမ်းစစ်ဆေးချက်တွင် ကရင်မလင်၏ ဒရုန်းစွမ်းရည် အရှိန်အဟုန်ဖြင့် တိုးချဲ့လာမှုကို အသေးစိတ် ဖော်ပြထားပြီး နေတိုးမဟာမိတ်များအပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်ရန် ပူတင်၏ ရည်မှန်းချက်နှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ မေးခွန်းများကို ထွက်ပေါ်လာစေသည်။
Open-source အချက်အလက်များအရ The Telegraph က စိစစ်ဖော်ထုတ်ခဲ့သည့် စခန်း ၁၀ ခုအနက် ၇ ခုကို မော်စကို၏ မကြာသေးမီက ကိယက်ဗ်မြို့အား ဗုံးကြဲတိုက်ခိုက်မှုအချို့တွင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
Ref: The Telegraph
