MT News
၄. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ထံသို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
လာရောက်ဂါရဝပြုတွေ့ဆုံသည့် UWSP အဖွဲ့အားနိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။





ထို့အပြင် နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်း အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများ အပြီးတိုင်ချုပ်ငြိမ်းပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ (UWSP) “ဝ” အဖွဲ့အနေဖြင့်လည်း ဒေသ အတွင်းအွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းများကို ဖိဖိစီးစီးကြပ်မတ်နှိမ်နင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ “ဝ” ဒေသအတွင်း ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ဝ”လက်နက်ကိုင် UWSP သည် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဩဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည်။
