၄.၈.၂၀၂၆
Written by Linn Eain
အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်မည့် မိန်းကလေးနှစ်ဦးနှင့် ကေတီဗီမှ အမျိုးသမီးတစ်ဦးတို့ကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စည်းရုံးလုပ်ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဥ်မှာ မအူပင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ကွမ်းခြံကုန်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သွားရောက်လျှောက်ထားစဉ် ၎င်းတို့နှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်၊ (ခ)ရပ်ကွက်နေ ခင်သီတာပြုံး(ခ)မသီတာက တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ခန့်ရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံရှိ ခင်ပိုပိုသက်နှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲခဲ့ကြောင်း သိရသည်။
ယင်းနောက် မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင် ၂၈ ရက်တွင် ဖမ်းမိတရားခံ ခင်သီတာပြုံး(ခ)သီတာအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ခင်ပိုပိုသက်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ကွက်ရှိ ပန်းပျိုးခင်း KTV တွင် အလုပ်လုပ်ကိုင်နေသူ အသက် ၃၁ နှစ် အမျိုးသမီးတစ်ဦးအား ၎င်းနှင့် ခင်မင်ရင်းနှီးသည့် အမရပူရမြို့နယ် ရှမ်းလေးကျွန်းအရှေ့ကျေးရွာနေ အေးမာက တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်လိုက အဆက်အသွယ်ရှိကြောင်း၊ တစ်နှစ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးသည့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် (၂) ရပ်ကွက်နေ ကျော်လှိုင်(ခ)အားလှိုင်ထံ ဖုန်းဖြင့်ဆက်သွယ်၍ တရုတ်ဇနီး မယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စိစစ်သိရှိရသဖြင့် အမှတ်(၉) မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မဟာအောင်မြေခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်တွင် ဖမ်းမိတရားခံ အေးမာအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ကျော်လှိုင်(ခ) အားလှိုင်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
