၃.၈.၂၀၂၆
Written by Linn Eain
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်မှုမရှိစေရေး B2B satellite terminal ၂ စုံ တပ်ဆင်ထားပြီး Cell on wheel COW ရွေ့လျားမိုဘိုင်းကား တပ်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၃ ရက်၊ နံနက်ပိုင်းသတင်းထုတ်ပြန်မှုအရ သိရသည်။
ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်းများကို ယာယီပိတ်ထားခဲ့ရာ ဆက်သွယ်မှုမပြတ်တောက်စေရေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သည့် B2B satellite terminal ၂ စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စု စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင် (၁)စုံ၊ သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် (၁)စုံ တပ်ဆင်ထားရှိကြောင်း သိရသည်။
ထို့ပြင် Cell on wheel COW ရွေ့လျား မိုဘိုင်းကား တပ်ဆင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေတက်သဖြင့် ယာယီပိတ်ထားသော လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်းများအား ရေကျဆင်းပါက ဆက်သွယ်မှုပြန်လည်ရရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



