၂.၈.၂၀၂၆
Written by NYL
ပြည်သူ့လွှတ်တော်ရှိ ကော်မတီများသို့ တိုင်ကြားစာပေါင်း ၁၄၄ စောင် ရောက်ရှိခဲ့သည့်အနက် ၂၉ စောင်သာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပေးခဲ့ပြီး ကျန်တိုင်ကြားစာများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ဩဂုတ် ၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် လွှတ်ာတော်၏ လုပ်ငန်းဆောင်တာ၊ တာဝန်များကို အကောင်အထည်ဖော် အထောက်အကူပြုနိုင်ရန်အတွက် အမြဲတမ်းကော်မတီ (Standing Committee) လေးခုနှင့် သီးခြားကော်မတီ (Select Committee) ၁၈ ခု စုစုပေါင်း ကော်မတီ ၂၂ ခု ဖွဲ့စည်းထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ” ပြည်သူတွေ တိုင်ကြားစာကတော့ ကော်မတီ ၂၂ ခုလုံးမှာ တိုင်ကြားနိုင်တယ်။ တိုင်လို့ရတယ်။ အလားတူပဲ သီးခြား လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး စံနှုန်းတွေ ချိုးဖောက်ထားတယ်ဆိုရင်လည်း တိုင်ကြားနိုင်တယ်။ အဲဒီကော်မတီတွေကဆိုရင် တိုင်ကြားစာပေါင်း ၁၄၄ စောင်ရရှိတယ်။ အဲဒီမှာ ဖြေရှင်းပြီးတာက ၂၉ စောင်ပဲ သက်ဆိုင်ရာဝန်ကြီးဌာနကို လွှဲလိုက်တာ။ ၁၄၄ စောင်မှာ ကျန်တဲ့ဟာတွေက ကာယကံရှင်တွေကို ဖြေရှင်းနိုင်ခဲ့တယ်။ အဲဒီတော့ အချိန်တိုအတွင်းမှာပဲ ဒီကို တိုင်တယ်ဆိုရင် ခေါ်စစ်တယ်။ ခေါ်တွေ့တယ်။ အကြံဉာဏ်ပေးတယ်။ ဖြေရှင်းပေးလိုက်တယ်။ အချို့ကိစ္စတွေကြတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆိုင်တဲ့ကိစ္စတွေ ဖြစ်တယ်။ သူ့ Administration အရ အရေးယူရမှာတွေဖြစ်တယ်။ ခုနက ၁၄၄ မှာ ၂၉ ခုပဲ လွှဲပေးတယ်၊ ကျန်တဲ့ဟာတွေက ဖြေရှင်းပြီးပြီ။ အဲဒီလို မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်တယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတာတွင် တည်ရှိသည့် Online Petition System ကိုလည်း အနာဂတ်တွင် ဆောင်ရွက်နိုင်ရန် စီမံထားကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“နောင်ဆိုရင် Online Petition System ပေါ့။ နောက်လာမဲ့ အနာဂတ်မှာ အွန်လိုင်းကနေပြီးတော့ Petition ပေါ့နော်။ ကိုယ့်ရဲ့ အတိဒုက္ခကိုဖော်ပြနိုင်တဲ့ စနစ်မျိုး။ နိုင်ငံတကာမှာ လုပ်တဲ့ စနစ်အတိုင်း လုပ်ဖို့လည်း စီမံထားပါတယ်လို့ တင်ပြလိုပါတယ် ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် အမြဲကော်မတီ ၄ ရပ်မှာ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ဖြစ်ပြီး သီးခြားကော်မတီများတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင်ရေးဆိုင်ရာကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီအပါအဝင် သီခြားကော်မတီစုစုပေါင်း ၁၈ ရပ်ရှိကြောင်း သိရသည်။
