၂.၈.၂၀၂၆
Written by Linn Eain
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မီလျံနာရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦး ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်ဝင်ရောက်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီးသုံးဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည် မြို့နယ် မြို့သစ်(၃)ရပ်ကွက် ၆၂ လမ်းနှင့် ၆၄ လမ်းကြား မနော်ဟရီလမ်းရှိ မီလျံနာရွှေဆိုင်တွင် ဇူလိုင် ၂၀ ရက်၊ မွန်းလွဲပိုင်းက အမျိုးသားခြောက်ဦးသည် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မှန်ကောင်တာများအား ပုဆိန်ဖြင့် ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းရွှေချိန် ၈၅ ကျပ်သား ၄ ပဲခန့်(တန်ဖိုးငွေကျပ် ၅၉၂၉ သိန်း) ခန့်ကို ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီလျံနာ ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာတွင် သိန်းမြင့်(ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင်(ခ)ကိုနိုင်က ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပြီး ဓားပြတိုက်မှုကျူးလွန်ရန် ရွှေဆိုင်များအား လှည့်လည်ကြည့်ရှုခြင်းနှင့် လုယက်စဉ် ဆိုင်ရှေ့လမ်းပေါ်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းသို့ အောင်ကျော်ဇော(ခ) အောင်ကျော် (ခ) အကြီးကောင်က သေနတ် ပစ်ဖောက်ဝင်ရောက်၍ ကျော်စိုးဝင်းက ဆိုင်အပြင်မှ လေးခွဖြင့်ပစ်ခတ်ရန် အသင့်စောင့်နေခဲ့ကြောင်း သိရသည်။




ဆက်လက်၍ ကောင်းခန့်ကျော်(ခ)ဘိုကောင်းက မှန်ကောင်တာများကို ပုဆိန်ဖြင့်ထုခွဲကာ ထက်ဝေကျော် (ခ) ကိုထက်နှင့် ရှိုင်းကို(ခ)ငရှိုင်းတို့ နှစ်ဦးက ရွှေထည်ပစ္စည်းများအား သယ်ယူခဲ့ကြောင်း၊ ဓားပြတိုက်လုယက်မှကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား သိန်းမြင့် (ခ)ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင်(ခ) ကိုနိုင်၏နေအိမ်တွင် အရည်ကျိုပုံဖျက်၍ ၎င်း၏ဇနီးဖြစ်သူ အိအိချောနှင့် ချွေးမဖြစ်သူ နှင်းသန္တာ အောင်(ခ)နှင်းနှင်းတို့က ပုံဖျက်ထားသည့်ရွှေတုံးများကို ရန်ကုန်မြို့ရှိ မောင်မောင်မင်းဇော်(ခ) ကိုမင်း (ခ) ကျားကြီး၏ ချိတ်ဆက်ပေးမှု ဖြင့် ရွှေရောင်း/ဝယ်လုပ်ကိုင်သူ နေလင်းထံတွင် ရောင်းချခဲ့ကြောင်း သိရသည်။
ထပ်မံ စစ်ဆေးဖော်ထုတ်ချက်များအရ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်၊ ကောင်းခန့် ကျော်(ခ)ဘိုကောင်း၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ) အကြီးကောင်တို့သုံးဦးသည် ထွန်းလင်း အောင်(ခ)နိုင်ကိုကိုနှင့် ဝေဖုန်းသူ (ခ)ဝေကြီးတို့နှစ်ဦးနှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မဟာအောင်မြေ မြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ပေါ်ဦးရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများကို ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း၊ ယင်းမှရရှိသည့် ရွှေထည်ပစ္စည်းများအား သန်းစိုးက ထုခွဲရောင်းချပေးခဲ့ကြောင်းသိရပြီး ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ သန်းစိုး(၅၅)နှစ်၊ ထွန်းလင်းအောင် (ခ) နိုင်ကိုကို (၂၈) နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်ကျော်ဇော (ခ) အောင်ကျော် (ခ)အကြီးကောင် သည် ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် တွင် အောင်မြေသာစံမြို့နယ်ရှိမိုးမန္တလေးရွှေဆိုင်အား လုယက် မှုမှ ဖမ်းဆီးရမိတရားခံများ ဖြစ်ကြသည့် ငြိမ်းလင်းကိုကို(ခ) ငလက်မ၊ ရဲနိုင်စိုးနှင့် နိုင်လင်းခန့် (ခ)မိုးဒီ၊ ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်ကြသည့် အောင်ကျော်ဦး (ခ)ဆံရှည်၊ ဝေဖုန်းသူ (ခ)ဝေကြီးတို့နှင့်အတူ လုယက်မှုကျူးလွန်ခဲ့ကြောင်းလည်း ထပ်မံဖော်ထုတ်မှုအရ သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မီလျံနာရွှေဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်သူ တရားခံ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ) မျိုးခိုင်(ခ)ကိုနိုင်တို့ ၆ ဦးနှင့် ပူးပေါင်းပါဝင်သူ ၅ ဦး စုစုပေါင်း တရားခံ ၁၁ ဦးအား ရွှေထည်ပစ္စည်း စုစုပေါင်း အလေးချိန် ၄၂ ကျပ်သား ၁၄ ပဲ ၃ ရွေး၊ ငွေကျပ် သိန်း ၅၄၀ ၊ SHG SAUER P 320 အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် ၂ ခု၊ A USA 380 AUTO ကျည် ၂၇ တောင့်၊ ဆိုင်ကယ် ၄ စီး၊ လေးခွ တစ်လက်၊ မူလီ (ကုန်းသီး) ၃၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်အား ဓားပြတိုက်ရာတွင် သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင် (ခ)မျိုးခိုင်(ခ)ကိုနိုင်တို့နှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူများဖြစ်ကြသည့် ထွန်းလင်းအောင်(ခ) နိုင်ကိုကိုနှင့် သန်းစိုးတို့နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လုယက်မှု နှစ်မှုမှ ဖမ်းဆီးရမိတရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း တရားခံ ၁၃ ဦးတို့အား ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန် တရားခံများနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
