MT News
၁. ၈. ၂၀၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့ အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement – DGSA) လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်နေ့တွင် ကုန်းတွင်းစီမံကိန်းတစ်ခုအတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရက် (၁၀၀) ပြည့်မြောက်သည့်အချိန်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းတို့သည် အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် မုတ္တမကမ်းလွန် လုပ်ကွက် (M-3) (အောင်သိင်္ခစီမံကိန်း)ကို ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့ရာ ယနေ့အချိန်တွင် လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ စီမံကိန်းမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ်အကုန်တွင် သဘာဝဓာတ်ငွေ့စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရန် ဖိတ်ခေါ်တိုက်တွန်းပါကြောင်း ဆက်လက် ပြောကြားသည်။
ထို့နောက် PTTEP မှ ဒုတိယအမှုဆောင်အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် PTTEP အထွေထွေမန်နေဂျာနှင့် ဒုတိယအမှုဆောင်အရာရှိချုပ်တို့က သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement-DGSA) ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
