သက်တံ့
၁. ၈. ၂၀၂၆
သေဆုံးချိန်တွင် ခန္ဓာကိုယ်အလေးချိန် ၂၄ ကီလိုဂရမ် (၅၃ ပေါင်ခန့်) သာရှိတော့သည့် မြန်မာအိမ်အကူ ပိုင်ငိုက်ဒွန် (Piang Ngaih Don) သေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် စင်ကာပူရဲအရာရှိဟောင်း ကဲလ်ဗင် ချဲလ်ဗမ် (Kelvin Chelvam) ၏ ပြစ်ဒဏ်နှင့် အယူခံအား အထက်တန်းတရားရုံးက ပယ်ချလိုက်ပြီး ထောင်ဒဏ်ကို ပိုမိုတိုးမြှင့်လိုက်သည်။
အထက်တန်းတရားသူကြီး ဆီကီးအွန်း (See Kee Oon) က ကဲလ်ဗင် ချဲလ်ဗမ်၏ ထောင်ဒဏ်ကို ၁၁ နှစ်နှင့် ၆ လ သို့ တိုးမြှင့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် လပေါင်းများစွာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရအပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် သေဆုံးသွားခဲ့သည့် ပိုင်ငိုက်ဒွန်၏ အမှုနှင့်ပတ်သက်၍ ယခင်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် သေဆုံးသူ မြန်မာအမျိုးသမီးငယ်ပိုင်ငိုက်ဒွန်သည် လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာနှင့် ဦးနှောက်ဒဏ်ရာတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးချိန်၌ အလွန်အမင်း ပိန်ကြုံလျက်ရှိသည်။
အသက် ၄၇ နှစ်အရွယ် ချဲလ်ဗမ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြစ်မှု (၄) မှုဖြင့် ထောင်ဆယ်နှစ် ပြစ်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ယင်း၏ ကျူးလွန်မှုများတွင် အိမ်အကူ၏ ဆံပင်ကိုဆွဲ၍ မြှောက်မလိုက်ခြင်းဖြင့် တမင်တကာ နာကျင်စေမှု (၁) မှု၊ ၎င်း၏ ဇနီးဟောင်း ဂါယာသီရိ မူရူဂါယန် (Gaiyathiri Murugayan) အား အိမ်အကူကို အစားအစာ ငတ်မွတ်စေခြင်းဖြင့် ပြင်းထန်စွာ နာကျင်စေရန် အားပေးကူညီမှု (၁) မှု၊ အမှုစစ် ရဲအရာရှိအား မဟုတ်မမှန် သတင်းအချက်အလက် ပေးအပ်မှုနှင့် နေအိမ်ရှိ CCTV မှတ်တမ်းတင်စက်ကို ဖြုတ်ယူ၍ သက်သေအထောက်အထားများ ပျောက်ကွယ်စေမှုတို့ ပါဝင်သည်။
ယမန်နှစ် ဇူလိုင် ၃၁ ရက်တွင် ချဲလ်ဗမ်သည် အားပေးကူညီမှု၊ သက်သေဖျောက်ဖျက်မှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများအား အယူခံဝင်ခဲ့သလို မဟုတ်မမှန် သတင်းပေးမှုမှလွဲ၍ ကျန်အမှုများအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန် လျှောက်ထားခဲ့သည်။ သို့သော် တရားသူကြီးက ၎င်း၏ အယူခံများကို ပယ်ချခဲ့သည့်အပြင် တမင်တကာ နာကျင်စေမှုအတွက် ပြစ်ဒဏ်တိုးမြှင့်ပေးရန် တရားလိုပြရှေ့နေများ၏ တောင်းဆိုချက်ကို လက်ခံအတည်ပြုခဲ့သဖြင့် ယခုအယူခံတွင် ပြစ်ဒဏ်မလျော့သည့်အပြင် တစ်နှစ်ခွဲ ထပ်မံတိုးမြှင့်ခံရကာ ထောင်ဒဏ် ၁၁ နှစ်ခွဲ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
စင်ကာပူရဲတပ်ဖွဲ့ကမူ တပ်ကြပ်ကြီး ချဲလ်ဗမ်အား တာဝန်မှ ဆိုင်းငံ့ထားခဲ့ကြောင်း ယခင်က ထုတ်ပြန်ထားသည်။
ယင်းအမှုတွင် ပါဝင်သည့် ၎င်း၏ ဇနီးဟောင်း ဂါယာသီရိနှင့် မိခင်တော်စပ်သူ ပရီမာ (Prema S Naraynasamy) တို့သည် လက်ရှိတွင် ထောင်ဒဏ် ၃၀ နှစ်နှင့် ၁၇ နှစ် အသီးသီး ကျခံနေကြရသည်။ ဂါယာသီရိ၏ အယူခံမှာလည်း ပယ်ချခံခဲ့ရပြီးဖြစ်သည်။
◾️ ဖြစ်စဉ်နောက်ခံ
ချဲလ်ဗမ်သည် ဇနီးဟောင်း ဂါယာသီရီ၊ ယင်းအချိန်က အသက် ၄ နှစ်နှင့် ၁ နှစ်အရွယ် ကလေးနှစ်ဦးတို့နှင့်အတူ ဘီရှန်း (Bishan) ရှိ အခန်း ၃ ခန်းပါ တိုက်ခန်းတွင် နေထိုင်ခဲ့ကြသည်။ အခန်းတစ်ခန်းကို အိမ်ငှား ၂ ဦးအား ငှားရမ်းထားသည်။ မိခင်ပရီမာမှာ သီးသန့်အိမ်ရှိသော်လည်း ကလေးထိန်းရန် ခဏခဏ လာရောက်နေထိုင်လေ့ရှိပြီး ကြမ်းပြင်ပေါ်တွင် အိပ်ရသည့် မပိုင်ငိုက်ဒွန်နှင့် အခန်းတစ်ခုတည်း အတူအိပ်လေ့ရှိသည်။
မြန်မာနိုင်ငံသူ ပိုင်ငိုက်ဒွန်သည် ၂၀၁၅ ခုနှစ် မေလတွင် ၂ နှစ်စာချုပ်ဖြင့် အဆိုပါ မိသားစုထံ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအတွက် ပထမဆုံး ပြည်ပထွက် လုပ်ကိုင်သည့် အလုပ်ဖြစ်သည်။ ၎င်း၏ တရားဝင် အလုပ်ရှင်မှာ ချဲလ်ဗမ်ဖြစ်သော်လည်း ဇနီးဖြစ်သူ ဂါယာသီရိက နေ့စဉ် လုပ်ငန်းဆောင်တာများနှင့် ဝေယျာဝစ္စများကို ကြီးကြပ်ခဲ့သည်။
အိမ်အကူသည် ဖုန်းမကိုင်ရ၊ နားရက်မယူရ ဟူသော ဂါယာသီရိ၏ စည်းကမ်းများကို လက်ခံခဲ့ရပြီး ၎င်းအစား လစာပိုရမည်၊ အိမ်တွင် နားနားနေနေ နေရမည်ဟု နားလည်ထားခဲ့သည်။ ချဲလ်ဗမ်က လက်မှတ်ရေးထိုးထားသည့် အလုပ်ခန့်ထားမှု စာချုပ်တွင် အိမ်အကူအား တစ်နေ့လျှင် အနည်းဆုံး လုံလောက်သော အစားအစာ (၃) နပ် ပေးရမည်ဟု ပါရှိသည်။
စတင်လုပ်ကိုင်ချိန်တွင် နှုတ်ဖြင့် ဆဲဆိုကြိမ်းမောင်းရုံသာ ရှိသော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလမှစ၍ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စတင်လာခဲ့သည်။ ၂၀၁၆ မေလတွင် မိခင်ပရီမာကပါ နှိပ်စက်မှုတွင် ပူးပေါင်းပါဝင်လာခဲ့သည်။
တိုက်ခန်းအတွင်း တပ်ဆင်ထားသည့် CCTV သည် ၂၀၁၆ ခုနှစ် ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ (၃၅) ရက်စာ မှတ်တမ်းများကို ရိုက်ကူးထားနိုင်ခဲ့ပြီး ပိုင်ငိုက်ဒွန် မသေဆုံးမီ ခံစားခဲ့ရသည့် နှိပ်စက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းမှတ်တမ်းများတွင် သေဆုံးသူ ရိုက်နှက်ကြိမ်းမောင်းခံရစဉ် ချဲလ်ဗမ် ကိုယ်တိုင်ရှိနေခဲ့သည့် အကြိမ်ပေါင်းများစွာကို တွေ့ရှိရပြီး အချို့မှာ ၎င်း၏ ရှေ့မှောက်၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရားရုံးတွင် ပြသခဲ့သည့် ဗီဒီယိုဖိုင်များ၌ ဂါယာသီရိက မီးဖိုချောင်နှင့် အိမ်သာအတွင်း အိမ်အကူကို အကြမ်းဖက်နေစဉ် ချဲလ်ဗမ်က မီးဖိုချောင်တွင် ဘေးမှ ရပ်ကြည့်နေသည့် ဖြစ်စဉ် (၅) ခု ပါဝင်သည်။
ပိုင်ငိုက်ဒွန် သေဆုံးပြီးနောက် ချဲလ်ဗမ်သည် CCTV မှတ်တမ်းတင်စက်ကို ဖြုတ်ယူကာ တစ်ခုမှမသိသလို လိမ်လည်ပြောဆိုခြင်းဖြင့် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ကြိုးပမ်းခဲ့သည်။
CCTV စက်အား အိမ်ငှားများ မလွတ်လပ်၍ ဖြုတ်ပေးရန် တောင်းဆိုသောကြောင့် လွန်ခဲ့သော ၆ လကတည်းက ဖြုတ်ထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား လိမ်လည်ခဲ့သည်။ သေဆုံးမှု သတင်းရရှိ၍ ရဲတပ်ဖွဲ့ ရောက်ရှိလာသည့်နေ့တွင်လည်း အိမ်အတွင်း စက်အား လိုက်လံရှာဖွေချင်ယောင်ဆောင်ကာ ရှာမတွေ့ဟု ပြောဆိုခဲ့သည်။
◾️ အယူခံ လျှောက်လဲချက်များ
ချဲလ်ဗမ်၏ ရှေ့နေဖြစ်သူ Mr. Ramesh Tiwary က ၎င်း၏ အမှုသည်သည် သေဆုံးသူအား အသက်အန္တရာယ်စိုးရိမ်ရသည်အထိ အစားအစာ ငတ်မွတ်ထားမှန်း မသိရှိခဲ့ဟု လျှောက်လဲခဲ့သည်။ သေဆုံးသည့်နှစ် ဇန်နဝါရီနှင့် မေလများတွင် ပိုင်ငိုက်ဒွန်အား စိစစ်ကြည့်ရှုခဲ့သည့် ဆရာဝန်၏ ထွက်ဆိုချက်ကို ထောက်ပြခဲ့ပြီး ဆရာဝန်အနေဖြင့် ထိုအချိန်က သူမအား ပိန်လှသည်ဟု မယူဆခဲ့ကြောင်း ဆိုသည်။
ထို့အပြင် တရားရုံးအောက်ဆင့်မှ ချဲလ်ဗမ်နှင့် ဇနီးဟောင်းတို့အား ပြစ်မှုကျူးလွန်ရာတွင် တာဝန်ရှိမှုတူညီသည်ဟု ဆုံးဖြတ်ခဲ့ခြင်းကိုလည်း ငြင်းချက်ထုတ်ခဲ့သည်။ “ကျွန်တော်တို့မှာ လူတစ်ယောက်ကို ၃၅ ရက်လုံး အစားအစာ ငတ်မွတ်အောင် တကယ်လုပ်ခဲ့တဲ့သူနဲ့၊ တားဆီးဖို့ ဘာမှမလုပ်ဘဲ အားပေးကူညီခဲ့မိတဲ့ အခြားသူတစ်ယောက်ပဲ ရှိတာပါ။ သူက သွေးထိုးလှုံ့ဆော်ခဲ့တာ မဟုတ်ဘူး၊ ညွှန်ကြားခဲ့တာ မဟုတ်ဘူး” ဟု ရှေ့နေက ဆိုကာ ချဲလ်ဗမ် အနေဖြင့် တားဆီးရန် ပျက်ကွက်ခဲ့ရုံမျှသာဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
သို့သော် ဒုတိယတရားလိုပြရှေ့နေ Stephanie Koh နှင့် Sean Teh တို့က ပိုင်ငိုက်ဒွန်၏ နောက်ဆုံး သီတင်းပတ်များဖြစ်သည့် ၂၀၁၆ ဇွန်နှင့် ဇူလိုင်လတို့သည် အရေးအကြီးဆုံး ကာလဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။ အဆိုပါ ဆရာဝန်သည်ပင် သေဆုံးသူ၏ အလောင်းအား စိစစ်ချိန်၌ အရိုးပေါ် အရေတင်သည်အထိ အလွန်အမင်း ပိန်ကြုံနေသည်ကို ထွက်ဆိုခဲ့ကြောင်း Ms. Koh က ပြောသည်။
စစ်ဆေးမေးမြန်းမှုအတွင်း ချဲလ်ဗမ် ကိုယ်တိုင်က အိမ်အကူ၏ ဝိတ် သိသိသာသာ လျော့ကျသွားသည်ကို သတိပြုမိကြောင်း ဝန်ခံခဲ့သည်။ ပိုင်ငိုက်ဒွန်၏ တရားဝင် အလုပ်ရှင်ဖြစ်သည်နှင့်အမျှ ချဲလ်ဗမ်တွင် သူမ၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံစေရန် တာဝန်ရှိသော်လည်း ဇနီးဟောင်းထံ လုံးဝလွှဲပြောင်းပေးထားခြင်းဖြင့် တာဝန်ပျက်ကွက်ခဲ့ကြောင်း ရှေ့နေက ထောက်ပြသည်။ ၎င်း၏ ပြစ်မှုမှာ အိမ်အကူ ငတ်မွတ်ကာ ခန္ဓာကိုယ် ပိန်ကြုံချိနဲ့လာသည်ကို သိလျက်နှင့် ဘာမှမလုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ကြောင်း တရားလိုပြဘက်က ဆိုသည်။
သက်သေဖျောက်ဖျက်မှု အမှုအတွက် ချဲလ်ဗမ်၏ မိခင် ပရီမာက CCTV မှတ်တမ်းတင်စက်ကို စတင်ဖြုတ်ယူခိုင်းသူဖြစ်ပြီး ပိုမိုကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း အယူခံဝင်သူဘက်က စိစစ်ခဲ့သည်။ သို့သော် တရားလိုပြဘက်က ချဲလ်ဗမ်သည် ရဲအရာရှိတစ်ဦး ဖြစ်သည်နှင့်အညီ ထိုသို့ပြုလုပ်ခြင်းသည် ပြစ်မှုမြောက်ကြောင်း သိလျက်နှင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီးက ချဲလ်ဗမ်၏ ပြစ်ဒဏ်ကို ပရီမာထက် ပိုမိုမြင့်မားစွာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ချဲလ်ဗမ်သည် မိသားစုကို ကာကွယ်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Ms. Koh က ထပ်လောင်းပြောဆိုသည်။ “သူက အကာအကွယ်ပေးနေတာ ဖြစ်ပေမဲ့ CCTV ထဲမှာ သူ့ရဲ့ ပြုမူဆောင်ရွက်ချက်တွေအပါအဝင် အိမ်ထဲက အရာအားလုံး ပါဝင်နေမှန်း သိပါတယ်။ သူ့အိမ်ထဲမှာ အိမ်အကူ သေဆုံးမှုနဲ့ ပတ်သက်လို့ သူ ပါဝင်ပတ်သက်နေမယ်ဆိုတာ သိတဲ့အတွက် မိမိကိုယ်ကို ကာကွယ်ဖို့ ပြုလုပ်ခဲ့တာပါ” ဟု ဆိုသည်။
◾️ ပြစ်ဒဏ် သတ်မှတ်ချက်
တမင်တကာ နာကျင်စေမှုအတွက် ပိုမိုကြီးလေးသော ပြစ်ဒဏ်တောင်းဆိုမှုတွင် တရားလိုပြဘက်က ယင်းသည် တစ်ကြိမ်တစ်ခါမျှ ဖြစ်စဉ် မဟုတ်ကြောင်း ဆိုသည်။ ထပ်ခါတလဲလဲ နှိပ်စက်နေသည်ကို သိလျက်နှင့်ပင် အိမ်အကူအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းကြောင့် ၎င်းသည် တတိယမြောက် နှိပ်စက်သူဖြစ်လာခဲ့ကြောင်း Ms. Koh က ပြောဆိုသည်။
တရားသူကြီး အာနိုဒ် ဆီကီးအွန်းက အောက်ခြေတရားသူကြီး၏ ပြစ်ဒဏ်ချမှတ်မှုသည် မှားယွင်းသည် သို့မဟုတ် “လွန်ကဲသည်” ဟု မယူဆကြောင်း ပြောကြားကာ ချဲလ်ဗမ်၏ အယူခံများကို ပယ်ချခဲ့ပြီး ထောင်ဒဏ်အား တစ်နှစ်ခွဲ ထပ်မံတိုးမြှင့်ခဲ့သည်။
မြန်မာအမျိုးသမီးငယ် ပိုင်ငိုက်ဒွန်အား နှိပ်စက်သတ်ဖြတ်သည့် ကြံရာပါ စင်ကာပူရဲအရာရှိဟောင်း ချဲလ်ဗမ်သည် သမီးဖြစ်သူအား အချိန်ပိုပေးနိုင်ရန် ထောင်ဒဏ်အား သီတင်းတစ်ပတ် ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သဖြင့် ၎င်း၏ ထောင်ဒဏ်ကျခံမှုကို ဩဂုတ် ၇ ရက်တွင် စတင်ကျခံရန် တရားရုံးက အမိန့်ချမှတ်ပေးခဲ့သည်။
Ref : CNA
