၃၀.၇.၂၀၂၆
Written by Linn Eain
လယ်ဝေးမြို့နယ်တွင် မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား (၁၀)သိန်း ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဇူလိုင် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၃ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်တွင် သက်သေများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီး၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်ဝင်း(ခ)မနိုး မောင်းနှင်ပြီး မင်းမင်းဟန်၊ အောင်ကိုကို(ခ)အောင်ကို၊ အေးကြိုင်နှင့် သန်းဇော်တို့လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေစဉ် ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁၀ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၆ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မော်တော်ယာဉ်ပေါ်တွင် ပါရှိသည့် ကျော်ဝင်း(ခ)မနိုး(၄၀)နှစ်၊ မင်းမင်းဟန်(၅၀)နှစ်၊ အောင်ကိုကို(ခ)အောင်ကို(၃၃)နှစ်၊ အေးကြိုင်(၄၈)နှစ် နှင့် သန်းဇော်(၅၁)နှစ်တို့အား သာဝတ္ထိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
