၂၇.၇.၂၀၂၆
Written by NYL
၀ဇီရာဂုဏ်ပြုခံကဇာတ်ရုံကြီး ပြန်လည်ရှင်သန်နိုးထလာခြင်းသည် နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည့် ၀ဇီရာဂုဏ်ပြုခံကဇာတ်ရုံဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် အဆင့်မြှင့်တင်ပြီး ပြန်လည်အသက်သွင်းလိုက်သည့် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ညရုပ်ရှင်ပြဇာတ်ရုံ သက်သက်မဟုတ်ဘဲ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတပွဲများ ကျင်းပရာ ဘက်စုံသုံး အနုပညာဗဟိုချက် Culture Hub တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ဒီရုံကြီးဟာ အုတ်၊ သဲ၊ ကျောက်တို့နဲ့ တည်ဆောက်ထားတဲ့ သာမန်အဆောက်အဦတစ်ခု မဟုတ်ဘဲ ခေတ်အဆက်ဆက်က အနုပညာရှင်တွေရဲ့ အနုပညာဝိညာဉ်နဲ့ ပရိသတ်အများရဲ့ ရင်ခုန်သံတွေ ကိန်းဝပ်နေတဲ့ သမိုင်းဝင် ပြဇာတ်ရုံကြီးတစ်ခုလို့ ပြောရမှာလည်း ဖြစ်ပါတယ်။ ခုလို ဝဇီရာ ရုပ်ရှင်ရုံကြီး ပြန်လည်ရှင်သန် နိုးထလာခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းသို့ အဆိုး၊ အကောင်းရောနေသည့် နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းကြီးသည်လည်း အကြားအလပ်မရှိ စီးဝင်ထိုးဖောက်နေသဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုများ မကျိုးကျေသွားစေဖို့ရန် ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
“ဒီနေ့ခေတ်မှာ အဆိုး၊ အကောင်း ရောပြွန်းနေတဲ့ နိုင်ငံတကာ ယဉ်ကျေးမှု ရေစီးကြောင်းကြီးဟာ မြန်မာနိုင်ငံအတွင်းကိုလည်း အကြားအလပ်မရှိ စီးဝင်ထိုးဖောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ မကျိုးကျေသွားစေဖို့ ဝဇီရာလို မာကျော တောက်ပ ထွင်းဖောက်နိုင်တဲ့ စွမ်းအားနဲ့သာ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ အနုပညာယဉ်ကျေးမှုဆိုတာ အလွန်နူးညံ့သိမ်မွေ့ပြီး စွမ်းအားရှိတဲ့ Soft Power ဖြစ်တာကြောင့် ဒါကို တန်ဖိုးထားနိုင်ဖို့ဆိုရင် တန်ဖိုးထား လေးစားဂုဏ်ယူပြီး ထာဝရတည်တံ့အောင် ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စိတ်ဓာတ်မျိုး လိုအပ်မှာလည်း ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မက ၀ဇီရာကဇာတ်ရုံကြီးတွင် ယဉ်ကျေးမှု၊အနုပညာဖျော်ဖြေရေး ပြက္ခဒိန်ရေးဆွဲပြီး ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကားများ ပြသခြင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာ သဘင်နဲ့ ဂီတ ဖျော်ဖြေပွဲများ ကျင်းပခြင်း၊ ကမ္ဘာလှည့် ခရီးသွားများအတွက် ယဉ်ကျေးမှု အထူးပြပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ ကျင်းပခြင်းအစရှိသည့် အနုပညာလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အနာဂတ်ကာလတွင် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရုံတင်မက ရှေးဟောင်းအမွေအနှစ်ခရီးသွားလုပ်ငန်း Heritage Tourism နှင့် ယဉ်ကျေးမှု စီးပွားရေး Cultural Economy တို့ကို ပေါင်းစပ်ပြီး များစွာထောက်ပံ့ ကူညီနိုင်တော့မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးနိုင်မည်ဟု မျှော်လင့်သလို အနာဂတ် အနုပညာမျိုးဆက်သစ်တွေအတွက်လည်း အဖိုးတန် အနုပညာလင်းရောင်ခြည်များ ပေးစွမ်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်လာသူများအား ပြောကြားခဲ့သည်။
