သက်တံ့
၂၅. ၇. ၂၀၂၆
ပါးစပ်မှ သောက်သုံးရန်မသင့်သည့် ဝမ်းချူဆေး (Glycerin Enema) နှင့် လက်ဖက်ရည်ကို ရောစပ်သောက်သုံးသည့် ဆန်းသစ်သော ဝိတ်ကျနည်းတစ်ခုသည် တရုတ်လူမှုကွန်ရက်ပေါ်တွင် ခေတ်စားလာခဲ့ချိန် လူအများအပြား လိုက်လံသောက်သုံးမိ၍ အရေးပေါ်လူနာအချို့ဆေးရုံသို့ ရောက်ရှိလာပြီးနောက် သာမန်ပြည်သူများအနေဖြင့် ထိုနည်းလမ်းကို မစမ်းသပ်ကြရန် ဆရာဝန်များက သတိပေးထားရသည်။
ထိုပြင်းထန်သည့် ဝိတ်ကျနည်းမှာ ၂ ရက်အတွင်း အလေးချိန် ၄ ကီလိုဂရမ် (၈ ပေါင်ခန့်) အထိ ကျဆင်းစေသည့် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုကာ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း လူမှုကွန်ရက်ပေါ်တွင် လူကြိုက်များခဲ့ကြောင်း Shangyou News က ဖော်ပြခဲ့သည်။
ပျံ့နှံ့နေသည့် ဗီဒီယိုအချို့တွင် အင်တာနက်ဆယ်လီ (Influencers) များသည် စအိုမှထည့်သွင်းအသုံးပြုရသည့် ဝမ်းချူဆေးရည်များကို သကြားမပါသည့် လက်ဖက်ရည်ဘူးထဲသို့ ညှစ်ထည့်ကာ လှုပ်ခါပြီး သောက်ပြကြသည်။ ထို့နောက် ဝမ်းခဏခဏသွားခြင်းဖြင့် ထူးခြားသည့် ဝိတ်ကျကျန်းမာရေး ရလဒ်များကို ရရှိခဲ့ကြသည်ဟု ဆိုသည်။

အင်တာနက်အသုံးပြုသူ အများအပြားလည်း ထိုအတိုင်း လိုက်လုပ်ခဲ့ကြသော်လည်း အချို့မှာ ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။
မာ အမည်ရှိ အမျိုးသမီးတစ်ဦးက ထိုအရောအနှောကို သောက်ကြည့်ရာ အရသာမှာ အနည်းငယ် ချိုသော်လည်း သောက်ပြီး နာရီဝက်ခန့်အကြာတွင် ပြင်းထန်စွာ မအီမသာဖြစ်လာခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။
သူမသည် ရေနွေးသောက်ခြင်းဖြင့် ဝေဒနာကို သက်သာအောင် ကြိုးစားခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင် တစ်ဆက်တည်း ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို ခံစားခဲ့ရသည်။
အင်တာနက်အသုံးပြုသူ အများအပြား ထိုအတိုင်း လိုက်လုပ်ခဲ့ကြသော်လည်း အချို့မှာ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကဲ့သို့ ကျန်းမာရေး ထိခိုက်မှုများနှင့် ပြင်းထန်စွာ မအီမသာဖြစ်မှုများကို ကြုံတွေ့ခဲ့ရသည်။
”တစ်နာရီကို တစ်ခါ ဝမ်းသွားနေရတာ။ တစ်ညလုံး အိပ်လို့တောင် မရဘူး” ဟု မာ အမည်ရှိ အမျိုးသမီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ဟဲနန်ပြည်နယ် အလယ်ပိုင်းရှိ အဓိက ဆေးရုံကြီးတစ်ခုက ထိုဝိတ်ကျနည်းကို စမ်းသပ်ရာမှ ဖျားနာလာသည့် အရေးပေါ်လူနာ အများအပြားကို လက်ခံကုသပေးခဲ့ရကြောင်း ဇူလိုင်လဆန်းပိုင်းတွင် လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့သည်။

သကြားမပါသည့် လက်ဖက်ရည်ဘူးများတွင် ပါဝင်သော Theophylline၊ Polyphenols နှင့် Tannic Acid တို့သည် အစားအစာ လုံလောက်စွာ မရှိချိန်တွင် အစာအိမ် နုနယ်သူများ၌ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ထိုဆေးရုံက တရုတ်ပြည်သူများကို သတိပေးထားသည်။
”ဒါ့အပြင် Glycerin Enema ဝမ်းနှုတ်ဆေးရည်ကိုပါ ထပ်ပေါင်းထည့်လိုက်တဲ့အခါ ဝမ်းနှုတ်အာနိသင်က နှစ်ဆဖြစ်သွားပါတယ်။ ဒါဟာ အစာချေစနစ်ကို နှစ်ထပ်ဆင့် ထိခိုက်ဒဏ်ရာ ပေးလိုက်တာပါပဲ” ဟု ဆေးရုံက ဆိုသည်။
ဝမ်းချူဆေးရည်သည် ပြင်ပသုံးရန်အတွက်သာဖြစ်ပြီး သောက်သုံးရန် လုံးဝတားမြစ်ထားကြောင်း၊ လက်ဖက်ရည်နှင့် ရောသောက်ပါက ဝိတ်ကျစေသည်ဆိုသည့် သက်သေအထောက်အထားလည်း မရှိကြောင်း ဆေးရုံက ထပ်လောင်းအတည်ပြုခဲ့သည်။
ချုံချင့် အမျိုးသမီးနှင့် ကလေးဆေးရုံမှ အာဟာရဆရာဝန် ဆွန်းဟိုင်လန် (Sun Hailan) က Glycerin Enema ကို ပါးစပ်က သောက်သုံးခြင်းသည် ခန္ဓာကိုယ်တွင်း ဓာတ်ဆားဓာတ် အချိုးအစားကို ပျက်ယွင်းစေပြီး အူလမ်းကြောင်း အမြှေးပါးများကို ပျက်စီးစေကာ အစာချေစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
”ဝိတ်ကျသွားတယ်ဆိုရင်တောင် ကျသွားတာဟာ အဆီ မဟုတ်ပါဘူး။ အစာအိမ်ထဲမှာ ပိတ်နေတဲ့ အစာဟောင်းတွေနဲ့ ခန္ဓာကိုယ်ထဲက ရေဓာတ် အမြောက်အမြား ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ရေပြန်သောက်လိုက်တာနဲ့ ခဏလေးအတွင်းမှာ အလေးချိန် ပြန်တက်လာမှာပါ။ ဝိတ်ကျဖို့အတွက် ဘာမှ အထောက်အကူ မပြုပါဘူး” ဟု ဆွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ထူးဆန်းသော ဝိတ်ကျနည်းများကို စမ်းသပ်ရာမှ ဖျားနာလာသူများ၏ သတင်းသည် မကြာခဏ သတင်းခေါင်းစဉ်များတွင် ပါဝင်လေ့ရှိသည်။
ကျဲ့ကျန်းပြည်နယ် အရှေ့ပိုင်းမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် တစ်ရက်သာ အလွန်အမင်း ဝအောင်စားပြီး ကျန်ခြောက်ရက်တွင် ဘာမျှမစားသလောက် လျှော့စားသည့် ပြင်းထန်သော ဝိတ်ကျနည်းကို ကျင့်သုံးခဲ့သဖြင့် ရုတ်တရက် မုန့်ချိုအိတ် (ပန်ကရိယ) ရောင်ရမ်းသည့်ရောဂါ (Acute Pancreatitis) ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရဖူးသည်။
Ref: SCMP
