


၂၀. ၇ .၂၀၂၆
Written by Thiri
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဆယ်စုနှစ် နှစ်ခုစာအတွင်း မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်စဉ် ဒေသခံတွေ ကြုံတွေ့ နေရပြီး ဒီနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းလည်းမျောပါလာလို့ လူမှုကယ်ဆယ်ရေး အသင်းတွေက ပိုင်ရှာဖွေလျက် ရှိနေပါတယ်။
ဖားကန့်မြို့ အထက်ဘက် ကံဆီးအရပ်မှာ မိုးများပြီး တောင်ကျရေတွေ ဥရုချောင်းထဲ စီးဝင်လို့ ချောင်းရေလျှံကာ ဖားကန့်တစ်မြို့နယ်လုံး ရေးဘေးအန္တရာယ် စိုးရိမ်စရာအခြေနေမှာ ရှိနေသလို မိုးကလည်း ဒီကနေ့ ဇူလိုင် ၂၀ အထိ ရက်ဆက် ရွာသွန်းနေဆဲလို့ ဒေသခံ ကွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားချက်အရ သိရှိရပါတယ်။
“မိုးကမတိတ်။ ကံဆီးအထက်ပိုင်းမှာ ရေကဆက်ပြီး မြင့်တက်နေတုန်းပါ။ ဆယ်စုနှစ်များစွာအတွင်း စံချိန်တင်ပါ။ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆပါက ဘေးကင်းလုံခြုံစေမယ့် ကုန်းမြင့်နေရာတွေဆီ ခေတ္တ ကြိုတင် ရွှေ့ပြောင်းကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။အလင်းရောင်မရှိချိန် ညကြီးမိုးချုပ်မှဆို ကျွန်တော်တို့လည်း လှေနဲ့ သွားခေါ်ရတာ အခက်အခဲ ရှိပါတယ်” လို့ ကွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက ပြောပါတယ်။
အရင်ကလည်း မိုးတွင်းကာလတွေမှာ ဖားကန့်မြို့ဟာ ချောင်းရေကြောင့် ရေကြီးရေလျှံပေမယ့် အခု ဖြစ်စဉ်လောက် မဆိုးရွားကြောင်းလည်း သူက ဆက်လက်ပြောပြပါတယ်။
“ချောင်းမှာ ကျွန်တော်တို့ စိုးရိမ်ရေမှတ် သတ်မှတ်ထားတာ ရှိတယ်။ အရင်က စိုးရိမ်ရေမှတ် ၇ လောက်မှ မြို့ပေါ် ရပ်ကွက်တွေ ရေလျှံတာ။ အခု ၃ လောက် ၄ လောက်နဲ့ကို ခြေတံရှည် အိမ်တွေ ထပ်ခိုးထိနေပြီ။ မနေ့ကဆို ည ၉ နာရီလောက်ကြီး ပြောင်းပေးပါ။ လာခေါ်ပါဆိုလို့ သွားခေါ်ရတယ်။ အရင်ကလည်း ရေလျှံရင် ထပ်ခိုးတက်နေရင် လွတ်တယ်လေ။ အခုလည်း ဒေသခံက အဲ့ဒီလိုပဲ နေတာမှာ မလွတ်တော့တာ။ ချောင်းက ပိုပိုပြီးကောလာပေမယ့် ရှင်းလင်း ဆယ်ယူတာတွေလည်း သက်ဆိုင်ရာတွေက မလုပ်နိုင်ကြဘူး”လို့ ဦးသန့်ဇင်ဦးက ဆိုပါတယ်။
ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်ဖြစ်တဲ့ မရှီကထောင်၊ အေးမြသာယာ၊ မှော်ဝမ်း၊ ငှက်ပျောတောနဲ့ မြို့မရပ်ကွက် အားလုံးက အိမ်ခြေ အတော်များများ ရေနစ်မြုပ်နေဆဲ ဖြစ်သလို သက်ကြီးရွယ်အို နဲ့ ကလေးတွေကိုလည်း ကုန်းအမြင့်ပိုင်းက ဘာသာရေးအဆောက်အဦတွေဆီ ပြောင်းရွှေ့ပေးထားပြီး နေ့စဉ် ထမင်းနဲ့ သောက်သုံးရေ တစ်ရက် နှစ်ကြိမ်ပေးဝေနေကြောင်းလည်း သိရပါတယ်။
ဖားကန့်မြို့နယ်ရဲ့ ကုန်ဈေးနှုန်းမှာ ပြည်မနဲ့ ၇ ဆ ကနေ ၈ ဆလောက်အထိ ကွာဟနေပြီး နေ့စဉ် ထမင်းနှစ်နပ်အတွက် လူနှစ်ထောင်နီးပါးစာ ချက်ပြုတ် ပြင်ဆင်စရိတ်ဟာ တစ်နပ်ကို ကျပ် သိန်းရှစ်ဆယ်ကနေ ကျပ် သိန်း တစ်ရာကြား ကုန်ကျနေတယ်လို့ ကူညီကယ်ဆယ်သူတွေထံကနေ သိရပါတယ်။
ကွန်းဖောင်ဒေးရှင်းမှ ဦးသန့်ဇင်ဦးက “စားသောက်ကုန်က ဝယ်ရတာလည်း ခက်တယ်။ ဈေးကလည်း မြင့်တယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း သဘာဝဘေးရော၊ စစ်ဘေးရောကြောင့် ပြတ်တောက်တဲ့ အနေအထားပေါ့။ အခုထိတော့ ရေဘေးရှောင်တွေရဲ့ ကျန်းမာရေး အခြေအနေက ပြဿနာမရှိသေးဘူး။ လူတော့ စ’ သေ နေပြီလို့ ဆိုရမယ်။ ဒီနေ့ ကလေးအလောင်းတွေ့တော့လေ။ဒီမှာက သင်္ဂြိုဟ်ရင်လည်း အနည်းလေး ငွေ ၅ သိန်းလောက်မှ မရှိရင် ခက်တယ်။ အခုက ကလေးအလောင်းမို့ အဆင်ပြေသလို သင်္ဂြိုဟ်ဖို့ ကျပြန်တော့လည်း ပိုင်ရှင်က မပေါ်တော့ သင်္ဂြိုလ်ပြီးမှ ပြဿနာရှိလာမှာ စိုးရတယ်။ လူမှုကွန်ရက်ပေါ်တင်ထားပြီး တစ်ရက်တော့ စောင့်ကြည့်ရမှာပဲ” လို့ MT News ကို ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကတည်းက မိုးရွာသွန်းနေတာဖြစ်ပြီး ဇူလိုင် ၁၈ ရက် စနေနေ့ကလည်း မြေပြိုမှု တချို့ မှော်ဝမ်းရပ်ကွက်မှာ ဖြစ်ပွားခဲ့လို့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပေမဲ့ လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
