သက်တံ့
၁၇. ၇. ၂၀၂၆
ပြီးခဲ့သည့်အင်္ဂါနေ့က တရားဝင်လိုင်စင်မရှိဘဲ စုစုပေါင်း ၆,၄၄၃ ကီလိုဂရမ်ရှိသော အစိုးရထောက်ပံ့ကြေးပေးထားသည့် ဟင်းချက်ဆီ (Palm Cooking Oil) များကို လက်ဝယ်ထားရှိမှုဖြင့် မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် အမျိုးသား ၆ ဦးကို ယနေ့တွင် မလေးရှားနိုင်ငံ ရှာအလမ်မြို့တရားရုံး၌ တရားစွဲဆိုလိုက်သည်။
အသက် ၅၀ အရွယ်ရှိ လော်ရီကားမောင်းသမား Moo Teck Lim သည် တရားသူကြီး Fatimah Zahari ရှေ့မှောက်တွင် ၎င်းအား စွဲချက်ကို တရုတ် (မန်ဒရင်) ဘာသာစကားဖြင့် ဖတ်ကြားပြပြီးနောက် ပြစ်မှုမထင်ရှားကြောင်း လျှောက်လဲခဲ့သည်။
အသက် ၂၁ နှစ်မှ ၃၆ နှစ်အတွင်းရှိ အခြား မြန်မာနိုင်ငံသား ၄ ဦးအပေါ် စွဲဆိုထားသော စွဲချက်များကိုမူ ၎င်းတို့က မလေးရှားဘာသာစကားကို နားမလည်သဖြင့် စကားပြန်အကူအညီ လိုအပ်ကြောင်း တရားရုံးသို့ အကြောင်းကြားပြီးနောက် လာမည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ထပ်မံဖတ်ကြားပြမည် ဖြစ်သည်။
စွဲချက်အရ Moo နှင့် အဆိုပါ နိုင်ငံခြားသား ၄ ဦးတို့သည် ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်က Jalan Apollo, Bandar Pinggiran Subang ရှိ အဆောက်အအုံတစ်ခုတွင် သံသယဖြစ်ဖွယ်အခြေအနေဖြင့် ဟင်းချက်ဆီ ၄,၈၄၅ ကီလိုဂရမ်ကို လက်ဝယ်ထားရှိကြောင်း တွေ့ရှိခဲ့ရသည်။
မလေးရှားအစိုးရသည် ပြည်သူများ လူနေမှုစရိတ် သက်သာစေရန်အတွက် အခြေခံစားသောက်ကုန်အချို့ကို ငွေကြေးစိုက်ထုတ် (ထောက်ပံ့ကြေး) ပေးပြီး ဈေးနှုန်းအသေ သတ်မှတ်ရောင်းချပေးလေ့ရှိသည်။ ယခု ဖမ်းဆီးခံရမှုမှာ အစိုးရက ထောက်ပံ့ကြေးပေးထားသည့် ၁ ကီလိုဂရမ်ဝင် ပလတ်စတစ်အိတ် (1kg Polybag) ဟင်းချက်ဆီများကို တရားမဝင် သိုလှောင်ခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့အား ၁၉၇၄ ခုနှစ် ကုန်ပစ္စည်းထောက်ပံ့မှု ထိန်းချုပ်ရေးစည်းမျဉ်းများ၏ စည်းမျဉ်း ၃(၁) အရ စွဲချက်တင်ထားခြင်းဖြစ်သည်။ ယင်းမှာ ၁၉၆၁ ခုနှစ် ကုန်ပစ္စည်းထောက်ပံ့မှု ထိန်းချုပ်ရေးအက်ဥပဒေ ပုဒ်မ ၂၂(၁)၊ တူညီသောအက်ဥပဒေ ပုဒ်မ ၂၁ နှင့် ရာဇသတ်ကြီးပုဒ်မ ၃၄ တို့နှင့် ပူးတွဲဖတ်ရှု၍ ပြစ်ဒဏ်ချမှတ်နိုင်သော ပြစ်မှုဖြစ်သည်။
ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ရင်းဂစ် ၁ သန်းအထိ ငွေဒဏ်၊ ၃ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်။ နောက်ထပ် ပြစ်မှုများ ထပ်မံကျူးလွန်ပါက ရင်းဂစ် ၅ သန်းအထိ ငွေဒဏ်၊ ၅ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။
တရားလိုအဖြစ် ပြည်တွင်းကုန်သွယ်ရေးနှင့် လူနေမှုစရိတ်ဝန်ကြီးဌာန (KPDN) မှ တရားစွဲဆိုရေးအရာရှိ Sallim Wahid က ဆောင်ရွက်ခဲ့ပြီး တရားခံများဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ခြင်း မရှိပေ။
တရားရုံးက Moo အား အာမခံလူတစ်ဦးဖြင့် ရင်းဂစ် ၁၅,၀၀၀ ဖြင့် အာမခံပေးခဲ့ပြီး တစ်လလျှင် တစ်ကြိမ် ပုတြာဂျာယား (Putrajaya) ရှိ KPDN ရုံးသို့ လာရောက်သတင်းပို့ရန်နှင့် ၎င်း၏ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ကို တရားရုံးသို့ အပ်နှံရန် နေစည်းကမ်းချက်များ သတ်မှတ်ခဲ့သည်။
အဆိုပါအမှုအား စာရွက်စာတမ်းများ တင်သွင်းရန်နှင့် မြန်မာစကားပြန် တက်ရောက်ရန်အတွက် ဩဂုတ်လ ၁၇ ရက်နေ့တွင် ထပ်မံရုံးချိန်း ချိန်းဆိုထားသည်။
သီးခြားတရားစီရင်မှုတစ်ခုတွင် အသက် ၄၉ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Senthil Vadivel သည် ထိုနေ့ ညနေ ၅ နာရီ ၄၀ မိနစ်က Jalan Bakti 25/15 ရှိ အဆောက်အအုံတစ်ခုတွင် လိုင်စင်မရှိဘဲ ဟင်းချက်ဆီ ၁,၅၉၈ ကီလိုဂရမ် လက်ဝယ်ထားရှိမှု စွဲချက်အပေါ် ပြစ်မှုမထင်ရှားကြောင်း လျှောက်လဲခဲ့သည်။ ၎င်းအား ၁၉၆၁ ခုနှစ် ကုန်ပစ္စည်းထောက်ပံ့မှု ထိန်းချုပ်ရေးအက်ဥပဒေ၏ တူညီသောပြဋ္ဌာန်းချက်များအရ တရားစွဲဆိုထားခြင်းဖြစ်သည်။
တရားလိုအဖြစ် KPDN တရားစွဲဆိုရေးအရာရှိ Nur Abyan Anuar က တက်ရောက်ခဲ့ပြီး Senthil ၏ဘက်မှ ရှေ့နေ Mark Jeyakumar Michael က လိုက်ပါဆောင်ရွက်ခဲ့သည်။
တရားသူကြီး Fatimah က တရားခံအား ဒေသခံအာမခံလူနှစ်ဦးဖြင့် ရင်းဂစ် ၄၀,၀၀၀ ဖြင့် အာမခံခွင့်ပြုခဲ့ပြီး ထပ်ဆောင်းစည်းကမ်းချက်များအနေဖြင့် တရားခံသည် လစဉ် ပထမပတ်အတွင်း ပုတြာဂျာယားရှိ KPDN ရုံးသို့ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး ၎င်း၏ နိုင်ငံကူးလက်မှတ်ကို တရားရုံးသို့ အပ်နှံရမည်ဖြစ်သည်။
တရားရုံးက အမှုအား ကြားနာစစ်ဆေးရန်၊ စာရွက်စာတမ်းများနှင့် ဓာတုဗေဒစစ်ဆေးချက် အစီရင်ခံစာများ တင်သွင်းရန်အတွက် ဩဂုတ်လ ၂၄ ရက်နေ့သို့ ရုံးချိန်းသတ်မှတ်လိုက်သည်ဟု သိရသည်။
Ref: Bernama
