သက်တံ့
၁၆. ၇. ၂၀၂၆
ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းကတည်းက မြန်မာ့ပင်လယ်ပြင်တွင် ကြီးမားသော သင်္ဘောနှစ်စင်း နစ်မြုပ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့တွင် သတိပေး ပြောကြားလိုက်သည်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် “ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် လူပေါင်း ၅၀၀ ကျော် တင်ဆောင်လာသည့် စက်လှေနှစ်စင်း တိမ်းမှောက်နစ်မြုပ်သွားနိုင်သည်” ဟူသော သတင်းများအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

ပဏာမ သတင်းအချက်အလက်များအရ အဆိုပါ စက်လှေနှစ်စင်းသည် ဇွန်လနှောင်းပိုင်းတွင် စစ်ဘေးဒဏ်သင့်နေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး စက်လှေပေါ်တွင် အများစုမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနက် အချို့မှာ ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ကာ ဆိုးရွားလှသော အခြေအနေများအောက်တွင် နေထိုင်နေကြရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) ရှိ ဘင်္ဂါလီဒုက္ခသည် တစ်သန်းကျော် ခိုလှုံရာ ဒုက္ခသည်စခန်းကြီးများမှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။
လူဦးရေ ၂၅၀ ခန့် တင်ဆောင်လာသည်ဟု ယူဆရသော စက်လှေတစ်စင်းမှာ ထွက်ခွာပြီးမကြာမီ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တစ်ချိန်တည်းမှာပင် လူပေါင်း ၂၈၀ ခန့် တင်ဆောင်လာသည်ဆိုသော ဒုတိယမြောက် စက်လှေတစ်စင်းမှာ ဇူလိုင်လ ၈ ရက်နေ့က မြန်မာနိုင်ငံ ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်ဟု ယူဆရသည်။
“ဒီဖြစ်စဉ်တွေနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ကို တရားဝင် အတည်မပြုနိုင်သေးပေမဲ့ ဆိုးရွားလှတဲ့ လူအသက်ဆုံးရှုံးမှုတွေ ရှိနိုင်တာကြောင့် UNHCR နဲ့ IOM တို့အနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပင်လယ်ရေလမ်းခရီးစဉ်များသည် “ပုံမှန် ရေလမ်းခရီး သွားလာလေ့မရှိဘဲ ပင်လယ်ပြင် အခြေအနေ အထူးအန္တရာယ်များလှသည့် ရာသီဥတုဆိုးရွားချိန်တွင် သွားလာခဲ့ခြင်းဖြစ်ကြောင်း” ကုလသမဂ္ဂ အေဂျင်စီများက ထောက်ပြထားသည်။
“မကြာသေးမီက ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို ပင်လယ်ရေလမ်း ခရီးစဉ်တွေရဲ့ အန္တရာယ်ကို ပိုမိုမြင့်မားစေခဲ့ပါတယ်”ဟု ဆိုသည်။
“ဒီအဖြစ်ဆိုးဟာ အတည်ပြုနိုင်ခဲ့ရင် ယခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင် (Andaman Sea) နဲ့ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့မှာ ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့ရတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၃၀၀ နီးပါး ရှိခဲ့တဲ့စာရင်းထဲကို ထပ်မံတိုးလာမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ဘင်္ဂါလီများသည် ပိုမိုကောင်းမွန်သော လူနေမှုဘဝများကို ရှာဖွေရန်အတွက် လူကုန်ကူးသူများ၏ ကွန်ရက်များက စီစဉ်ပေးသော အိုဟောင်းပျက်စီးနေသည့် လှေငယ်များဖြင့် နှစ်စဉ် အန္တရာယ်များလှသော ပင်လယ်ရေလမ်းခရီးကို ဖြတ်သန်းသွားလာလေ့ရှိကြသည်။
UNHCR ၏ အဆိုအရ ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းတွင်ပင် အန္တရာယ်များသော ပင်လယ်ရေလမ်း ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂါလီဒုက္ခသည် ၆,၅၀၀ ကျော်အနက် ၉၀၀ နီးပါးခန့်မှာ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတွင် ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ကြောင်း သိရသည်။
ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် ယခုနောက်ဆုံး ထွက်ပေါ်လာသော သတင်းများက “ကာလရှည်ကြာဖြစ်ပွားနေသော ပဋိပက္ခများနှင့် နေရပ်စွန့်ခွာရမှုများ၏ ဆိုးရွားလှသော သက်ရောက်မှုများကို ထင်ဟပ်စေရုံသာမက ဘင်္ဂါလီလူ့အဖွဲ့အစည်းအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများ ဆက်လက်ကင်းမဲ့နေသည်ကို မီးမောင်းထိုးပြနေသည်” ဟု အလေးပေးဖော်ပြထားသည်။
“မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာခြင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အကူအညီနဲ့ အခွင့်အလမ်းတွေ အကန့်အသတ်ရှိနေတာတွေကြောင့် ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ရှာဖွေဖို့အတွက် အန္တရာယ်ရှိတဲ့ ပင်လယ်ရေလမ်းခရီးကို စွန့်စားသွားလာသူ အရေအတွက် ပိုမိုများပြားလာရခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ အေဂျင်စီများက ထောက်ပြထားသည်။
“သတင်းထွက်ပေါ်နေတဲ့ ဖြစ်စဉ်တွေက ဘေးကင်းလုံခြုံမှုကို ရှာဖွေနေကြတဲ့သူတွေရဲ့ စိတ်ပျက်အားငယ်မှုတွေကို အခွင့်ကောင်းယူ အမြတ်ထုတ်နေကြတဲ့ လူမှောင်ခိုနဲ့ လူကုန်ကူးမှု ကွန်ရက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆက်တိုက်ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။
IOM နှင့် UNHCR တို့က “ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်၊ ခိုလှုံခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန်နှင့် လူမှောင်ခို၊ လူကုန်ကူးမှု ကွန်ရက်များကို နှိမ်နင်းအရေးယူရန်” တောင်းဆိုခဲ့ကြသည်။
အဆိုပါ အေဂျင်စီများသည် ဘင်္ဂါလီဒုက္ခသည်များကို နှစ်ပေါင်းများစွာ လက်ခံစောင့်ရှောက်ပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ “ထူးခြားပြောင်မြောက်သော ရက်ရောမှု” ကို ချီးကျူးခဲ့သော်လည်း ဒုက္ခသည်များနှင့် လက်ခံထားသော ဒေသခံလူ့အဖွဲ့အစည်းများအတွက် “စဉ်ဆက်မပြတ် နိုင်ငံတကာ အကူအညီများ” ပေးရန် လိုအပ်ကြောင်းနှင့် “အတင်းအဓမ္မ နေရပ်စွန့်ခွာစေသည့် အရင်းခံအကြောင်းတရားများကို ဖြေရှင်းရန် ပိုမိုကြိုးပမ်းဆောင်ရွက်ရန်” လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနများ၏ ဖော်ပြချက်အရ ဘင်္ဂါလီများကို လှေစီးဒုက္ခသည်အဖြစ် နိုင်ငံကြီးများသို့ လူကုန်ကူးပို့ဆောင်နေသည်မှာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ARSA နှင့် ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ AA တို့ဖြစ်ကြောင်း သိရသည်။
Ref : Japan Times
