၁၆.၇.၂၀၂၆
Written by Linn Eain
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး နိုင်ငံတော်အတွက် သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix) သတ်မှတ်ဆောင်ရွက်နိုင်ရန် တွက်ချက်စီမံလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဇူလိုင် ၁၅ ရက်က ကျင်းပသည့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
နေရောင်ခြည်စွမ်းအင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်ပြီး နေပြည်တော်ရှိ Horizon Lake View Resort ၌ကျင်းပခဲ့ရာ ပညာရှင်များ၊ ပြည်တွင်း/ပြည်ပ ကုမ္ပဏီများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရန်အတွက် လျှပ်စစ်ဓာတ်အားလုံလောက် စွာရရှိရေးသည် အလွန်အရေးကြီးပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအပေါ်တွင် အဓိကမှီခိုအားထားနေရကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများရှိနေသကဲ့သို့ ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများသည်လည်း မိမိတို့၏စွမ်းအင်လုံခြုံရေးအတွက် ရေရှည်တွင် စဉ်းစားစရာဖြစ်လာကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး နိုင်ငံတော်အတွက် သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix)ကို သတ်မှတ်ဆောင်ရွက်နိုင်ရန် တွက်ချက် စီမံလျက်ရှိကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် နေရောင်ခြည်စွမ်းအင်သည် မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝပေးအရင်းအမြစ် ကြွယ်ဝခြင်း၊ အခြားသော ဓာတ်အားပေးစနစ်များနှင့် နှိုင်းယှဉ်ပါက စီမံကိန်းကာလ တိုတောင်းခြင်းတို့ကြောင့် နိုင်ငံတော်၏မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ် တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာကန့်သတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဝိုင်းဝန်းအကြံပြု၊ ဆွေးနွေး၊ အဖြေရှာခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများ လျင်မြန်စွာအကောင်အထည်ပေါ်လာမည်ဖြစ်ပြီး ဆိုလာဓာတ်အားပေးစနစ်ကို စွမ်းရည်မြင့်မားစွာနှင့် ထိထိရောက်ရောက်အသုံးချနိုင်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုနောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စာတမ်းရှင်များ၊ ဟောပြောဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ “မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားစနစ်၏တည်ငြိမ်စိတ်ချမှုကိုထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိဦးစီးဌာန/လုပ်ငန်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အခြားဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
