

၁၅.၇.၂၀၂၆
Written by Linn Eain
တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများကို စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိ ရက် ၁၀၀ စီမံချက်ကာလအတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု ၃၄၀ မှ ယူနစ် ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး လျှော်ကြေးနှင့် ဒဏ်ကြေးငွေ ကျပ် ၆၇၄၅ သန်းကျော် ပြန်လည်ကောက်ခံရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပပျောက်သွားစေရေးအတွက် အစီအမံများချမှတ်၍ ဆောင်ရွက်ခဲ့ပြီး မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများအား အဖွဲ့ များဖွဲ့စည်း၍ စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း ရက် စုစုပေါင်း တရားမဝင်ဓာတ်အား ခိုးယူ သုံးစွဲမှုအရေအတွက် ၃၄၀ မှ ယူနစ် စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲ သုံးစားပြုလုပ်ခဲ့မှုများကို စိစစ်တွေ့ရှိခဲ့ပြီး နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ် ၆၇၄၅ သန်းကျော် ပြန်လည်ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု ပြစ်မှုများ ကျူးလွန်ခဲ့ကြသည့် မီတာပိုင်ရှင်များနှင့် လုပ်ငန်းရှင်များကို လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး ပါဝင်ပတ်သက်သည့် တာဝန်ရှိဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက် စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်းပေး တိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ ပပျောက်သွားစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးထုတ်ပြန်ထားသည်။
ပုံစာ။ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲသူများ၏ ပြုပြင်ထားသော မီတာမှတ်တမ်းပုံများ။
