သတိုး
၁၇. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်းမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စ ကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
အင်တာဗျူးအတွင်း CCTV သတင်းဌာနက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်မှ ရရှိလာမည့် မဟာဗျူဟာမြောက် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိနှင့် အနာဂတ်အရေးပါမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် အမြင်သဘောထားများကို မေးမြန်းခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ “Chinese Modernization” ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံအပေါ် သမ္မတ၏ အမြင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံတွင် မည်သို့ အသုံးချနိုင်မည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းနီးကပ်မှု တိုးမြှင့်ရေးတွင် ရုပ်ရှင်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ မကြာသေးမီက ကျင်းပခဲ့သည့် “Chinese Film Week” အစီအစဉ်နှင့် တရုတ်ရုပ်ရှင်များအပေါ် သမ္မတ၏ သဘောထားအမြင်များကိုလည်း CCTV က မေးမြန်းခဲ့သည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး အင်တာဗျူးရုပ်သံများကို မကြာမီ ထုတ်လွှင့်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ကြောင်း သိရသည်။
ဦးမင်းအောင်လှုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်တစ်ခု သွားရောက်ခဲ့သော်လည်း ယခုတရုတ်ခရီးစဥ်ကသာ ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) ဖြစ်ကြောင်းနှင့် တရုတ်သမ္မတအပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန်နှင့် အကူအညီပေးရေးစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် အောင်မြင်သော ခရီးစဥ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
