MT News
၁၂.၆.၂၀၂၆
တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်မှ ဇွန် ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ထိုရီးစဥ်အတွင်း တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်သမ္မတ၊ ဝန်ကြီးချုပ်အပြင် NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇွန် ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယခုအကြိမ်ခရီးစဉ်၏ အစီအစဉ်နှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်ကို မိတ်ဆက်ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။
“ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တဲ့အပြင် ဝန်ကြီးချုပ် လီချန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နဲ့လည်း သီးခြားစီ တွေ့ဆုံသွားမှာဖြစ်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်-မြန်မာသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၆ နှစ်တာကာလအတွင်း နှစ်ဖက်အနေဖြင့် အတူတကွ အဆိုပြုထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်စိတ်ဓာတ်ကို အရင်းခံကာ အေးအတူပူအမျှ၊ အပြန်အလှန် ဖေးမကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေးသည် ရေရှည်တိုးတက်မှုရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ရှေ့ဆက်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုများပြားသော လက်တွေ့ရလဒ်များ ရရှိပြီး နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရေးအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
Ref : Xinhua
