Photo-မိုးစေတနာပရဟိတအသင်း
နေမိုး
၁၁. ၆. ၂၀၂၆
လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူဖြစ်သည့် မန်နေဂျာအမျိုးသမီးကိုသတ်ဖြတ်လာသည့် အမျိုးသားတစ်ဦးသည် ဆီဒိုးနားဟိုတယ် (၂၉) လွှာမှ ခုန်ချကာ သတ်သေမှု ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ (၅) ရပ်ကွက်၊ ပညာ့ဝတီရိပ်သာလမ်း၊ ဆီဒိုးနား ဟိုတယ်နောက်ဖက်တွင် ရပ်ထားသောကားတစ်စီးပေါ်သို့ ဟိုတယ်ပေါ်မှ လူတစ်ဦးပြုတ်ကျ သေဆုံးကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ ဟိုတယ် (၂၉) လွှာအရေးပေါ်ထွက်ပေါက်၏ တံခါးဘောင်ပေါ်တွင် လက်ကိုင်ဖုန်း ၂ လုံး၊ စာတစ်စောင်၊ ကားမောင်းလိုင်စင်တစ်ခုတွေ့ရပြီး စာထဲတွင် “လေးစားရပါသော ရဲအရာရှိများခင်ဗျား။ ကျွန်တော်ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်တာပါ။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block (၂၀)၊ ခြံနံပါတ် (၃) အိမ်မှာ ချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားဆယ်ပေးပါ။ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ။ ကမ္ဘာသိ၊ ပတ်ဝန်းကျင်သိပြီးမှ သူက လမ်းခွဲဖို့ပြောလို့ စိတ်မထိန်းနိုင်ဘဲ သတ်မိတာပါ။ သူမနဲ့အတူ သေဖို့ အပေါ်ထပ်အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကို တောင်းပန်ပါတယ်၊ နောင်တများစွာနဲ့” ဟုရေးသားထားသည်ဟု NOM က ဖော်ပြသည်။
ဆီဒိုးနားဟိုတယ်ပေါ်မှ ပညာ့၀တီရိပ်သာလမ်းပေါ်ရှိ Honda Airwave ယာဉ်ပေါ် ပြုတ်ကျသည့် ကိုတင်စိုး (ခ) လီချိန်ကျိုဆိုသူမှာ ဦးခေါင်းပွင့်ထွက်ကာ ဦးနှောက်ထွက်၊ ညာလက်မောင်းပြုတ်၊ လက်ချောင်းများနှင့် ဝဲယာခြေထောက်များ ကျိုးကြေကာ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာများစွာဖြင့် အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မိုးစေတနာပရဟိတအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ကလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




