



၉.၆.၂၀၂၆
Written by Nay Yaung Lin
တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဇွန် ၉ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး မဲဆန္ဒနယ်အမှတ်(၅) တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအောင်က ကော်မတီ၏ တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအောင်က ” ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းသာယာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများ၊ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်နိုင်ရန် တိုင်းဒေသကြီး ဘက်စုံ၊ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာဆောင်ရွက်မည့်သူများ ပိုမိုပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်နဲ့တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ကိုယ်ကျိုးစွန့်၍ သက်စွန့်ကြိုးပမ်း ကူညီဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အသင်းနှင့် အဖွဲ့အစည်းများပေါ်ထွန်းလာစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုစုထားခြင်းဖြစ်ပါတယ် ” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြု ဆွေးနွေးနိုင်ရန် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ၁၃၃ အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
