၉.၆.၂၀၂၆
Written by Linn Eain
သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ယင်းမြို့နယ်အတွင်းရှိ ဒေးဇတ်အပိုင်၊ သပြေကုန်းကျေးရွာသို့ ကွင်းဆင်း အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကုသပေးမှုကို ဇွန် ၂၀ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးကုဆရာဝန်ကြီးများတွင် ကလေးအထူးကုဆရာဝန်ကြီးများလည်း ပါဝင်မည်ဖြစ်ကာ အမျိုးသမီးများအတွက် အရေးကြီးသည့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးပေးခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးက အသိပေးကြေညာထားသည်။
ကွင်းဆင်းသွားရောက်ကုသပေးမည့် သမားတော် အထူးကုဆရာဝန်ကြီးများတွင် ခွဲစိတ်၊ အရိုး၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်းနှင့်လည်ချောင်း၊ အရေပြား၊ သွားအထူးကုများ ပါဝင်ကြောင်း အသိပေးကြေညာထားမှုအရ သိရသည်။
ထို့ပြင် လိုအပ်ပါက အာထွာစောင်းရိုက်ကူးခြင်းကို တစ်ပါတည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ စစ်ဆေးပေးခြင်းနှင့် သန္ဓေတားအပ် လက်မောင်းတွင်း ထည့်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစမ်းသပ်ကုသမှုများသည် အခမဲ့ဖြစ်ပြီး လာရောက်ကုသနိုင်ပါကြောင်းနှင့် နှိုးဆော်ပေးနိုင်ရန် သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးက အသိပေးထားသည်။
