နေမိုး
၃၀. ၅. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF များက Fixed Wing Drone ဖြင့် Drop Bomb များပစ်ချခဲ့မှုကြောင့် မြို့တော်ခန်းမအဆောက်အဦ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်မော်ရပ်ကွက်အတွင်းသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Fixed Wing Drone ၂ စင်းအား လွှတ်တင်ကာ Drop Bomb များဖြင့် ပစ်ချခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့တော်ခန်းမအဆောက်အဦ ခေါင်မိုးပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆောက်အဦ၏ အမိုးသွပ် ၁၀ ချပ်နှင့် မျက်နှာကြက် ၁၅ ချပ်တို့ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အဆောက်အဦများပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
ပုံစာ။ ယမန်နှစ် စက်တင်ဘာ ၁၈ ရက်က ထားဝယ် မြို့တော်ခန်းမ ဖွင့်လှစ်စဉ် မြင်ကွင်း။
