◾️RCSS က အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုကို SSPP က တိုက်ပွဲဖြင့် အဖြေပေးဟု ပြော
၃. ၃. ၂၀၂၃
Written by Nay Moe
ရှမ်းပြည်တောင်ပိုင်း လွိင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးဆက်လက်တင်းမာနေကြောင်း RCSS ၏ သတင်းဌာန Tai Freedom တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ မတ်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှစ၍ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ အင်အား ၁၀၀ ခန့်သည် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲမှာ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း သိရှိရသည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနှင့် လူထုတိုင်းပြည်အကျိုးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများအား ဖြေရှင်းနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၀) ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထားခဲ့သည့်အဖွဲ့ ဖြစ်သည်။
RCSS ၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းထားချက်ကို SSPP အဖွဲ့က တိုက်ပွဲဖြင့် ပြန်လည်တုန့်ပြန် အဖြေပေးခဲ့ခြင်းဖြစ်သည်ဟုလည်း Tai Freedom က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်စဥ်နှင့် ပတ်သက်ပြီး SSPP ဘက်မှ ထုတ်ပြန်မှုမရှိသကဲ့သို့ နှစ်ဖက်အဖွဲ့အစည်းများထံ ဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း ပြန်လည်တုံ့ပြန်ဖြေဆိုမှုမရှိချေ။





