သတိုး
၂၂. ၅. ၂၀၂၆
အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်း စစ်ရေးစီမံချက်များ ပြုလုပ်စဉ် မြန်မာနိုင်ငံဘက်ခြမ်းမှ မှောင်ခိုတင်သွင်းလာသော နိုင်ငံခြားဖြစ် စီးကရက်များကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများက သောကြာနေ့ (မေလ ၂၂ ရက်) တွင် ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အိုင်ဇောလ်ခရိုင်၊ ဇိုခေါသန်း (Zokhawsang) ဒေသတွင် တရားမဝင် မှောင်ခိုကူးမှုလုပ်ငန်းများကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများကို အောင်မြင်စွာ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် မှောင်ခိုသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ ၎င်းထံမှ ကာလတန်ဖိုး အိန္ဒိယရူပီး ၄၂ ဒသမ ၉ သိန်း (ခန့်မှန်းခြေ မြန်မာကျပ်ငွေ သိန်း ၁၉၀၀ ကျော်) တန်ဖိုးရှိ နိုင်ငံခြားဖြစ် စီးကရက်များကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် မှောင်ခိုပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းခဲ့သည်။ ဖမ်းဆီးရမိသူ၊ မှောင်ခိုပစ္စည်းများနှင့် သိမ်းဆည်းရမိသော ယာဉ်တို့ကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် အိုင်ဇောလ်မြို့ရှိ အကောက်ခွန်ကာကွယ်ရေးတပ်ဖွဲ့ (Customs Preventive Force) ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဤသို့ အောင်မြင်စွာ သိမ်းဆည်းရမိခြင်းသည် မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင် မှောင်ခိုကူးမှုများကို နှိမ်နင်းရန် အာသံရိုင်ဖယ်တပ်ဖွဲ့၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို ထပ်မံပြသနေခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါ တပ်ဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေး စိတ်ချရစေရန်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဆက်လက်ကတိပြုထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ရှည်လျားပြီး ခြံစည်းရိုးခတ်မထားသော အပြည်ပြည်ဆိုင်ရာ နယ်စပ်ချင်း ထိစပ်နေခြင်းကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် အခြားမှောင်ခိုပစ္စည်းများ ကူးသန်းရာ အဓိက လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံဘက်မှ အများဆုံး မှောင်ခိုသွင်းလေ့ရှိသည့် မူးယစ်ဆေးဝါးများထဲတွင် စွဲလမ်းမှုနှုန်း မြင့်မားပြီး “ပါတီဆေးပြား” (Party tablets) ဟု လူသိများသည့် စိတ်ကြွရူးသွပ်ဆေးပြား (ယာဘ – Yaba) နှင့် ဘိန်းဖြူ (Heroin) တို့ ပါဝင်သည်။ အဆိုပါ စိတ်ကြွဆေးပြားများတွင် မက်သ်အဖက်တမင်းနှင့် ကဖင်းဓာတ်တို့ ရောနှောပါဝင်ပြီး အိန္ဒိယနိုင်ငံတွင် ပြင်းထန်စွာ တားမြစ်ပိတ်ပင်ထားသည်။ အဆိုပါ တရားမဝင် မှောင်ခိုပစ္စည်းများကို မီဇိုရမ်ပြည်နယ်ရှိ ခရိုင်ခြောက်ခုဖြစ်သော ချမ်ဖိုင် (Champhai)၊ ဆိုင်းဟား (Siaha)၊ လောင်တလိုင် (Lawngtlai)၊ နာသီရယ် (Hnahthial)၊ ဆိုင်တွယ် (Saitual) နှင့် ဆဲရ်ချစ် (Serchhip) ခရိုင်တို့မှတစ်ဆင့် မကြာခဏ မှောင်ခိုသွင်းလေ့ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref – IANS
