သက်တံ့
၂၂. ၅. ၂၀၂၆
ထိုင်းနိုင်ငံ ဥတ္တရာဒစ်ခရိုင်တွင် မော်တော်ယာဉ်မတော်တဆမှုတစ်ခုကို သွားရောက်ကူညီရန် မောင်းနှင်လာသည့် လူနာတင်ယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ခဲ့သဖြင့် အရေးပေါ်ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၂၁ ရက်ကဖြစ်ပွားသည့် ထိုဖြစ်စဉ်အတွင်း သေဆုံးသူအရာရှိမှာ ဥတ္တရာဒစ်ခရိုင်၊ နမ်ပတ် (Nam Pat) ဆေးရုံမှ အဆင့်မြင့်အရေးပေါ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (AEMT) တစ်ဦးဖြစ်သူ ဇွန် (June) ဖြစ်ပြီး သူမသည် အရေးပေါ်တုံ့ပြန်ကူညီမှုအတွင်း နမ်ပတ်ကယ်ဆယ်ရေးအသင်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေသူ ဖြစ်သည်။
နမ်ပတ်ဆေးရုံက ယနေ့ မေလ ၂၂ ရက်တွင် ဇွန်၏ ဓာတ်ပုံနှင့်အတူ “ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်ညီမလေး ကောင်းရာသုဂတိလားပါစေ” ဟု ရေးသားကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် သဝဏ်လွှာကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
မနေ့က နံနက် ၆ နာရီခွဲခန့်တွင် ဥတ္တရာဒစ်ခရိုင်၊ နမ်ပတ်မြို့နယ်၊ နမ်ခရိုင် (Nam Khrai) တိုက်နယ်၌ ဖြစ်ပွားခဲ့သော မော်တော်ယာဉ်မတော်တဆမှုမှ ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီရန်အတွက် ဇွန်သည် နမ်ပတ်ကယ်ဆယ်ရေးအသင်းနှင့်အတူ လိုက်ပါသွားခဲ့သည်။ အဆိုပါလူနာတင်ယာဉ်သည် အခင်းဖြစ်ပွားရာနေရာသို့ မရောက်မီ ၁ ကီလိုမီတာခန့်အလို “တွန်ဆပ်ယိုင်” (Ton Sak Yai) အမျိုးသားဥယျာဉ်အနီးသို့ အရောက်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကယ်ဆယ်ရေးအသင်း၏ ပြောကြားချက်အရ လူနာတင်ယာဉ် မောင်းနှင်လာစဉ် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နမ်ပတ်ကယ်ဆယ်ရေးအသင်းက ၎င်းတို့အဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပြီး အရေးပေါ်ကူညီပံ့ပိုးပေးနိုင်ရန် ဥတ္တရာဒစ်ရှိ ကယ်ဆယ်ရေးအဖွဲ့အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ကြိုးပမ်းခဲ့ကြသော်လည်း ဇွန်သည် ရရှိထားသော ဒဏ်ရာများကြောင့် ယနေ့နံနက် ၂ နာရီခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ အသင်းအနေဖြင့် သူမအား ကူညီနိုင်ရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သလို မိသားစုဝင်များနှင့် ထပ်တူထပ်မျှ အပြင်းအထန် ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ဖော်ပြခဲ့သည်။
Ref : The Thaiger
