သတိုး
၂၂. ၅. ၂၀၂၆
၂၀၁၅ ခုနှစ်တွင် ခြေထောက်နှစ်ဖက် ပေါင်ရင်းမှ ပြတ်တောက်ခဲ့ရသည့် ရုရှားစစ်ပြန်တစ်ဦးသည် ၎င်း၏ လက်နှစ်ဖက်တည်းကိုသာ အားပြု၍ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့တောင်တက်သမိုင်းတွင် စံချိန်သစ်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
စစ်တန်းလျား ပြိုကျမှုကြောင့် ခြေနှစ်ဖက်စလုံး ပေါင်ရင်းမှ ဆုံးရှုံးခဲ့ရသည့် အသက် ၃၄ နှစ်အရွယ် ရုရှားတောင်တက်သမား ရူစတန် နာဘီယက်ဗ် (Rustam Nabiev) က လူအများစုက မဖြစ်နိုင်ဟု ထင်မှတ်ထားကြသည့် အရာကို အကောင်အထည်ဖော် ပြသခဲ့ခြင်းဖြစ်သည်။ နာဘီယက်ဗ်သည် ခြေတုများကိုပင် အသုံးမပြုဘဲ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရက်တောင်ကို နီပေါနိုင်ငံဘက်ခြမ်းမှတစ်ဆင့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ ခြေနှစ်ဖက်စလုံး ဖြတ်တောက်ထားရသူများထဲတွင် လက်နှစ်ဖက်တည်းကိုသာ အသုံးပြု၍ တောင်တက်နိုင်ခဲ့သည့် ပထမဆုံးသော လူသားဖြစ်လာခဲ့သည်။



နာဘီယက်ဗ်သည် နီပေါနိုင်ငံ၏ ၂၀၂၆ ခုနှစ် နွေဦးတောင်တက်ရာသီအတွင်း မေလ ၂၀ ရက်နေ့တွင် အမြင့် ၈,၈၄၈ ဒသမ ၈၆ မီတာရှိသည့် ဧဝရက်တောင်ထိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တောင်တက်ခရီးစဉ်အတွင်း ၎င်း၏ ကြိုးပမ်းမှုများနှင့် တောင်ထိပ်သို့ ရောက်ရှိပြီးနောက် ပြောကြားခဲ့သည့် စိတ်လှုပ်ရှားဖွံ့ဖြိုးဖွယ် သတင်းစကားများကြောင့် အင်တာနက်အသုံးပြုသူ အများအပြား စိတ်ဓာတ်ခွန်အားများ ရရှိခဲ့ကြသည်။
ရူစတန် နာဘီယက်ဗ်သည် ၂၀၁၅ ခုနှစ်က စစ်တန်းလျားအဆောက်အအုံအတွင်း အိပ်ပျော်နေစဉ် အဆောက်အအုံ ပြိုကျမှုကြောင့် ခြေနှစ်ဖက်စလုံး တင်ပါးဆုံအနီးမှ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း စစ်သားအများအပြားလည်း သေဆုံးခဲ့သည်။
ဘဝကို ခက်ခဲတုန်လှုပ်စေခဲ့သည့် ထိုမတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း နာဘီယက်ဗ်သည် ပြင်းထန်လှသည့် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ဆက်တိုက်ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။
ဧဝရက်တောင်ခြေစခန်း ကွင်းဆင်းရုံး ညှိနှိုင်းရေးမှူး ခင်မ် လာလ် ဂေါတမ် (Khim Lal Gautam) ၏ ပြောကြားချက်အရ နာဘီယက်ဗ်သည် တောင်ထိပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိခဲ့ပြီးနောက် တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်နေပြီဖြစ်ကြောင်း သိရသည်။



နာဘီယက်ဗ်၏ လူမှုကွန်ရက်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်များ၌ အလွန်အန္တရာယ်များလှသည့် ခွန်ဗူးရေခဲပြင် (Khumbu Icefall) ရှိ လှေကားများကို လက်နှစ်ဖက်တည်းဖြင့်သာ အားပြု၍ ဖြတ်ကျော်နေသည်ကို တွေ့ရသည်။ နာဘီယက်ဗ်၏ ပြောပြချက်အရ အဆိုပါ ရေခဲပြင်ကို ဖြတ်ကျော်ပြီး အမြင့် ၆,၀၆၅ မီတာခန့်တွင်ရှိသည့် စခန်း (၁) သို့ ရောက်ရှိရန် ၁၅ နာရီနီးပါး ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပြီးနောက် နာဘီယက်ဗ်သည် ရုရှားနှင့် ဥရောပတွင် အမြင့်ဆုံးတောင်ဖြစ်သည့် အယ်လ်ဘရုစ်တောင် (Mount Elbrus) ကို ပထမဆုံး စတင်တက်ရောက်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်တွင် နီပေါနိုင်ငံသို့ လာရောက်ကာ ကမ္ဘာ့အဋ္ဌမမြောက် အမြင့်ဆုံးတောင်ဖြစ်သည့် မာနာစလူတောင် (Mount Manaslu) ကိုလည်း အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
ယခုနှစ်တွင်မူ ၎င်းသည် ဧဝရက်တောင်ကို တက်ရောက်ရန် ပိုမိုကြီးမားသည့် ရည်မှန်းချက်ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ တောင်ထိပ်သို့ ရောက်ရှိပြီးနောက် နာဘီယက်ဗ်က Instagram တွင် “မေလ ၂၀ ရက်၊ နီပေါစံတော်ချိန် မနက် ၈ နာရီ ၁၆ မိနစ်မှာ တောင်တက်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် ရူစတန် နာဘီယက်ဗ်ဟာ လက်နှစ်ဖက်တည်းကိုပဲ သုံးပြီး ဧဝရက်တောင်ထိပ်ကို ရောက်ရှိခဲ့ပါပြီ။ ဒီတောင်တက်ခရီးစဉ်ကို အခုကျွန်တော့်ကို ကြည့်နေတဲ့သူအားလုံးအတွက် ရည်ညွှန်းပါတယ်။ ဒီလုပ်ရပ်နဲ့ ကျွန်တော် တစ်ခုတည်းပဲ ပြောချင်ပါတယ်…. မင်းတို့မှာ အသက်ရှူနေသရွေ့ ဆက်ပြီးတိုက်ပွဲဝင်ပါ။ ကျေးဇူးပြုပြီး အဆုံးထိ တိုက်ပွဲဝင်ကြပါ၊ ဒါဟာ တန်ဖိုးရှိပါတယ်…” ဟု နာဘီယက်ဗ်က ရေးသားခဲ့သည်။
တောင်တက်ခရီးစဉ်မှ ဓာတ်ပုံများနှင့် ဗီဒီယိုများ အွန်လိုင်းတွင် ပြန့်နှံ့သွားပြီးနောက် လူအများအပြားက နာဘီယက်ဗ်၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ခွန်အားကို ချီးကျူးခဲ့ကြသည်။
အင်တာနက်အသုံးပြုသူတစ်ဦးက “တချို့လူတွေက နာဘီယက်ဗ်ကို မသန်စွမ်းသူလို့ လွယ်လွယ်ပဲ သတ်မှတ်ကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ သူဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သာမန်လူတွေထက် ပိုပြီး စွမ်းဆောင်ရည်ရှိသူဖြစ်နေပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို တက်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် တကယ်လေးစားမိပေမယ့် ဒီအောင်မြင်မှုကတော့ ရင်သပ်ရှုမောစရာပါပဲ။ သာဓုပါဗျာ” ဟု မှတ်ချက်ပေးခဲ့သည်။
အခြားသူတစ်ဦးကလည်း “ဝေါင်း… ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး” ဟု ရေးသားခဲ့ပြီး “သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟုလည်း အခြားမှတ်ချက်တစ်ခုတွင် ဖော်ပြထားသည်။
နာဘီယက်ဗ်၏ ယခုခရီးစဉ်သည် ဂေါ်ရခါးစစ်သားဟောင်း ဟာရီ ဗုဒ္ဓ မာဂါ (Hari Budha Magar) က ခြေတုများကို အသုံးပြု၍ ဧဝရက်တောင်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့သည့် ခြေနှစ်ဖက်ပြတ် တောင်တက်သမားအဖြစ် စံချိန်တင်ပြီးနောက် နှစ်အနည်းငယ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
မှတ်ချက်။ ရူစတန် နာဘီယက်ဗ်သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ရုရှားနိုင်ငံ၊ အုမ်းစ်ခ်မြို့ (Omsk) ရှိ အမှတ် (၂၄၂) လေထီးတပ်လေ့ကျင့်ရေးစင်တာတွင် စစ်မှုထမ်းနေစဉ် စစ်တန်းလျားအဆောက်အအုံ ပြိုကျမှုကြောင့် အင်္ဂတေတုံးကြီးများအောက်၌ (၇) နာရီကြာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် စစ်သား ၂၄ ဦး သေဆုံးခဲ့ပြီး နာဘီယက်ဗ်မှာမူ ပြင်းထန်လှသည့် ဖိညှပ်ဒဏ်ရာများကြောင့် ရက်ပေါင်းများစွာ သတိမေ့မြော (Coma) နေခဲ့ရသလို နှလုံးလည်း နှစ်ကြိမ်တိုင်တိုင် ရပ်တန့်ခဲ့ရသည်။
ဆရာဝန်များက ခွဲစိတ်မှုပေါင်း ၂၀ ကျော်ဖြင့် အသက်လုခဲ့ရသော်လည်း ဆီးခုံနှင့် ပေါင်တံတို့တွင် ဆဲလ်များ ပုပ်ပျက်သွားခဲ့သဖြင့် နောက်ဆုံးတွင် ပေါင်ရိုးအပေါ်ဆုံး (တင်ပါးဆုံဆစ်နှင့် ကပ်လျက်) အထိ ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ခဲ့ရသည်။ ထို့ကြောင့် နာဘီယက်ဗ်သည် ခြေတုတပ်ဆင်ရန်ပင် မလွယ်ကူတော့ဘဲ တင်ပါးဆုံခွက်သာ ကျန်ရှိတော့သည့် အခြေအနေဖြစ်သော်လည်း ယခုကဲ့သို့ လက်နှစ်ဖက်တည်းဖြင့်ပင် ၂၀၂၆ ခုနှစ် မေ ၂၀ ရက်တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ကို စံချိန်တင် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
Ref: News 18
