MT News

Written by Tha Doe

ဘုရားသားတော် ရဟန်းများအနေဖြင့် ဘုန်းကြီးကျောင်းတစ်ခုအား ကျောင်းထိုင်ရာတွင် ဓမ္မာစရိယအောင်မြင်ခြင်း သို့မဟုတ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းဆင်းလက်မှတ်ရရှိပြီးသူများကိုသာ ကျောင်းထိုင်အဖြစ်သတ်မှတ်မည်ဟု စတင်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန့်သတ်ချက်ကို အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဓမ္မာစရိယအောင်မြင်သော (သို့မဟုတ်) ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း သင်တန်းဆင်း လက်မှတ်ရရှိပြီးဖြစ်သော ပုဂ္ဂိုလ်များကိုသာ ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် အထက်ပါ အရည်အချင်းတစ်ခုခုနှင့် မပြည့်စုံပါက ကျောင်းစောင့်အဖြစ်သာ သတ်မှတ်ရန် စတင်ဆုံးဖြတ်ကန့်သတ်ခဲ့သည်။

ထို့အတွက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (၂)နှစ် သင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသားတို့ကို အစိုးရပထမကြီးတန်းအောင်အဆင့်နှင့် ညီမျှသည်ဟု သတ်မှတ်၍ သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပြုရေး စည်းမျဉ်းရေးဆွဲ ထည့်သွင်း ပြဋ္ဌာန်းသွားရန်ကိုလည်း မဟနအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါ ဓမ္မာစရိယအောင်မြင်ခြင်း သို့မဟုတ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းဆင်းလက်မှတ်ရရှိပြီးသူများကိုသာ ကျောင်းထိုင်အဖြစ်သတ်မှတ်မည်ဟု စတင်ကန့်သတ်မှုမှာ လက်ရှိအချိန် ကျောင်းထိုင်ဖြစ်နေသူ သံဃာတော်များနှင့် သက်ဆိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *