၂. ၃. ၂၀၂၃
Written by Hey Mar
ပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးအရ ပြည်သူများ၏ အရှေ့မှထွက်ကာ ရပ်တည်လျှက်ရှိပြီး၊ လူအင်အား ၊ ငွေအင်အားအရ ဝိုင်ဝန်းကူညီပေးကြပါရန် ပြည်သူ့ပါတီ ဗဟိုကော်မတီဒုတိယအကြိမ် စုံညီအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောကြားသည်။
၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီသည် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာရွေးချယ်လျှောက်လှမ်းရင်း နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူ့ပါတီက ပြည်သူကိုပဲ အားကိုးရမှာ။ နယ်အသီးသီးကနေ တက်ရောက်လာတဲ့ ဗဟိုကော်မတီဝင်တွေကိုယ်နှိုက်ကလည်း ပြည်သူနဲ့ လက်ပွန်းတတီးရှိကြတဲ့သူတွေ များပါတယ်။ ပါတီဝင်အင်အားလည်း ကျွန်တော်တို့စုဆောင်းနေပါတယ်။ ပြည်သူတွေကိုလည်း တိုက်တွန်းချင်တာက အခုအချိန်က ကျပ်တည်းတဲ့ ကာလဆိုတာ သိပါတယ်။ သို့သော် နိုင်ငံရေးအရ ကျွန်တော်တို့ ရှေ့ကထွက်ပြီး ရပ်နေပြီ။ လုပ်နေပြီ။ ပါတီဝင်အင်အားပြည့်အောင်က လူကိုယ်တိုင်မလာနိုင်ရင်တောင် စာရင်းအနေနဲ့ ထည့်ဝင်ပါဝင်ပေးခြင်းဖြင့် ကျွန်တော်တို့ ရဲရဲဆောင်ရွက်နိုင်အောင်ကူညီပါ”ဟု ဦးကိုကိုကြီးက ပါတီအစည်းအဝေးတွင် ပြောသည်။
ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပါတီဝင်အင်အား ၁ သိန်းနှင့် ပါတီရန်ပုံငွေ သိန်းတစ်ထောင်ဆိုသည်ကို ပြည်သူ့ပါတီအနေဖြင့် ကျော်ဖြတ်ဖို့ ကြိုးစားနေပြီး ပါတီခြင်းပူးပေါင်းလုပ်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ပုံငွေအနေနဲ့လည်း ကျွန်တော်တို့ ပါတီဝင်တွေက မချမ်းသာကြပါဘူး။ ဒါပေမယ့် ကော်မတီဝင်တွေ လှူဒါန်းငွေတင် အခုအစည်းအဝေး တစ်မနက်ခင်းအတွင်း ကျပ် ၇၅ သိန်းကျော် ရပါတယ်။ နောက်တစ်ခုက သီးခြားလည်း ကျွန်တော်တို့အပေါ်မှာ ခင်ဗျားတို့ ရွပ်ရွပ်ချွန်ချွန်သာလုပ်ပါ။ ပြည်တွင်းမှာ ဒီမိုကရေစီဘက်ကနေ ရပ်တည်မယ့်ပါတီ မရှိတော့ဘူး။ လူတွေမရှိတော့ဘူး။ အားကိုးစရာ ခင်ဗျားတို့ပဲရှိတယ်။ ဆောင်ရွက်ပါ။ ပံ့ပိုးပေးပါ့မယ်လို့ အမာခံပြောလာတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် ငွေကြေးပိုင်းကို စိတ်မပူပါဘူး။ ရန်ပုံငွေ ကျွန်တော်တို့ ပြည့်မှာပါပဲ။ လက်ရှိအလှူခံစာရင်းလည်း ဖွင့်ထားတာမို့ မီဒီယာတွေကနေလည်း ထပ်ဆင့် အလှူခံကြောင်းပြောရမှာပေါ့”ဟု ဦးကိုကိုကြီးက ဆိုသည်။
